
အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မှာ ဒီဇင်ဘာ ၁၁ ရက်က ဗုံးပေါက်ကွဲမှုတခုအတွင်းမှာ တာလီဘန်အစိုးရရဲ့ ဒုက္ခသည်များဆိုင်ရာ ယာယီဝန်ကြီး ခါလိလ် ရာမန်ဟက်ကနီနဲ့ တခြားလူ ၆ ယောက်တို့ သေဆုံးသွားပါတယ်။
ဝန်ကြီးရဲ့ တူဖြစ်သူ အနာ့စ်ဟက်ကနီက“အလွန်သတ္တိရှိတဲ့ မူဂျာဟစ်ကို ကျနော်တို့ ဆုံးရှုံးခဲ့ရပါတယ်”လို့ တာလီဘန်ရဲ့ တိုက်ခိုက်ရေးသမားတွေအတွက် သန့်ရှင်းတဲ့ စစ်သည်တော် လို့ အဓိပ္ပာယ်ရတဲ့အသုံးအနှုန်းကိုသုံးစွဲ ပြောကြားခဲ့ပြီး "သူ့ရဲ့အနစ်နာခံမှုကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုရဲ့ နောက်ကွယ်မှာ ဘယ်သူ့လက်ချက်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သေဆုံးသွားတဲ့ ခါလိလ်ဟက်ကနီဟာ ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်မှာ နိုင်ငံခြားတပ်တွေ ထွက်ခွာသွားပြီးနောက် တာလီဘန် ကြားဖြတ်အစိုးရမှာ ဝန်ကြီးဖြစ်လာခဲ့တာပါ။
သူဟာ အနှစ် ၂၀ ကြာ စစ်ပွဲအတွင်း အဓိက တိုက်ခိုက်မှုတွေအတွက် အပြစ်တင်ခံရတဲ့ စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဟက်ကနီ ကွန်ရက်ရဲ့ အကြီးတန်းခေါင်းဆောင် တယောက်လည်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
တာလီဘန်တို့က အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ်မှာ သိမ်းယူခဲ့ပြီး လုံခြုံရေးပြန်လည်ရရှိစေမယ်လို့ ကတိပြုခဲ့ပေမယ့် မြို့ပြဧရိယာတွေမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။
၂၀၂၂ ခုနှစ်က ဟက်ကနီကွန်ရက် ခေါင်းဆောင် ဆီရာဂျူဒင် ဟက်ကနီ ဦးဆောင်ကာ ပြည်ထဲရေးဝန်ကြီးဌာနအနီးမှာ ဖောက်ခွဲမှုတခု လုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က တာလီဘန်တို့ ဦးစီးတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြင်ဘက်မှာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့က တိုက်ခိုက်မှုတခု ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနဟာ ခါလိလ် ဟက်ကနီကို “အထူးသတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမား” အဖြစ် ၂၀၁၁ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး နိုင်ငံခြားရေးဌာနဟာ သူ့ကို ဖမ်းဆီးမိဖို့ ဦးတည်တဲ့ သတင်းပေးနိုင်ရင် ဆုငွေ ဒေါ်လာ ၅ သန်းကို ပေးအပ်မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
Source: Reuters