DVB Logo
Home
မြန်မာသတင်း
ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မည်ဟု သတ်မှတ်ချက်မရှိဟု စစ်ခေါင်းဆောင်ပြော
DVB
·
August 14, 2025
ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မည်ဟု သတ်မှတ်ချက်မရှိဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

ဆန္ဒမဲပေးသူ ဘယ်လောက်ရှိမှ ရွေးကောက်ပွဲ အောင်မြင်မယ်လို့ သတ်မှတ်ထားတဲ့ ဥပဒေမရှိကြောင်းနဲ့ တခြားနိုင်ငံတွေမှာလည်း အဲဒီလို သတ်မှတ်ထားတာမရှိဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဩဂုတ် ၁၂ ရက်ကကျင်းပတဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေးမှာ ပြောတာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်နေရသူတွေကို ကြိုတင်မဲပေးနိုင်အောင်လုပ်မယ်လို့လည်း ပြောပါတယ်။

ကော်မရှင်ဥက္ကဋ္ဌအဖြစ် စစ်ခေါင်းဆောင်က အဖွင့်မိန့်ခွန်းပြောတာမှာ ‘ရွေးကောက်ပွဲ အထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ အခြားနိုင်ငံများတွင်လည်း ထိုသို့သတ်မှတ်ထားခြင်းမရှိဟု လေ့လာသိရှိရကြောင်း၊ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည် ဖြစ်ကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ ရွေးကောက်ပွဲ ကျင်းပရာတွင် ၅၀ ရာခိုင်နှုန်းအောက် မဲပေးခဲ့သည့်နိုင်ငံများလည်းရှိသကဲ့သို့ အများစုမှာ ၅၀ ရာခိုင်နှုန်းအထက် ဆန္ဒမဲပေးကြသည်ကို လေ့လာတွေ့ရှိရကြောင်း’ လို့ ပြောဆိုပါတယ်။

ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင် လုပ်ရမှာဖြစ်ပြီး ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေအနေနဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတာကို အတိုင်းအတာတခုအထိ လုပ်နိုင်ခဲ့သလို နယ်မြေတွေအလိုက်  လုံခြုံရေးဆိုင်ရာအချက်အလက်တွေရယူခဲ့တယ်လို့ ပြောပါတယ်။

ပြီးတော့ ပထမဆုံးလွှတ်တော် အစည်းအဝေးလုပ်ရာမှာ လွှတ်တော်တက်ရောက်ခွင့်ရှိသူ   ကိုယ်စားလှယ်ဦးရေရဲ့ ထက်ဝက်ကျော်တက်ရောက်ရင် အစည်းအဝေးအထမြောက်မယ်လို့ အခြေခံဥပဒေမှာ ပါကြောင်း၊ အထမမြောက်ရင် ဒုတိယအကြိမ်အစည်းအဝေးမှာ လွှတ်တော် တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်တွေအနက် အနည်းဆုံး   သုံးပုံတပုံ တက်ရောက်ရင် ဒုတိယအကြိမ် အစည်းအဝေး အထမြောက်တယ်လို့ ဖော်ပြပါရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လွှတ်တော်အစည်းအဝေးလုပ်ချိန်မှာ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်နိုင်တဲ့ မြို့နယ်များအားလုံးမှာလုပ်နိုင်ဖို့ ရည်မှန်း   ဆောင်ရွက်နေသလို သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်နေရတဲ့ မဲဆန္ဒရှင်တွေကို ကြိုတင်မဲတွေနဲ့ ဆန္ဒမဲပေးနိုင်ရေးလုပ်သွားမယ်လို့ ပြောပါတယ်။ 

ဆက်ပြီးတော့ ရွေးကောက်ပွဲလုပ်နိုင်မယ့်မြို့နယ်တွေပိုရအောင် စစ်ဆင်ရေးတွေလုပ်ဖို့၊ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်အောင် မီဒီယာတွေကနေ စည်းရုံးလှုံ့ဆော်ဖို့၊ ရွေးကောက်ပွဲ မအောင်မြင်အောင် မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား စတာတွေနဲ့ ထိုးနှက်လာနိုင်ပြီး ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့အသွင်နဲ့ ပုံဖော်လာနိုင်တယ်လို့လည်း စစ်ခေါင်းဆောင်က သတိပေးပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013