
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို တဝက်ခွဲရောင်းဖို့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး တင်ထားတဲ့အဆိုကို တရားရုံးက လက်ရှိအချိန်အထိ ဆုံးဖြတ်ချက်မချနိုင်ဘဲ အမှုအသွားအလာ ကြန့်ကြာနေပါတယ်။
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ အိမ်တည်ရှိရာ ခြံဝင်းကို တဝက်ခွဲပြီးရောင်းချဖို့ မေ ၂၉ ရက်မှာ ကမာရွတ်ခရိုင်တရားရုံးကို ဦးအောင်ဆန်းဦးက လျှောက်ထားခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ တရားရုံးက ကြာသပတေးနေ့တိုင်း ပုံမှန်ရုံးချိန်းခေါ်ခဲ့ပေမဲ့ အချိန် ၂ လခွဲနီးပါး ကြာမြင့်လာတဲ့အထိ အမှုအတွက် ထူးခြားတဲ့ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘဲ အမှုအသွားအလာ ကြန့်ကြာနေတာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“နောက်ဆုံးသိထားတာကတော့ တရားရုံးက ဘာမှ အမိန့်မချသေးဘူး။ ဟိုဘက်က မြေကြီးကို တဝက်ခွဲပေးဖို့ လျှောက်တယ်။ အဲဒါ တရားရုံးက ဘာမှအမိန့်မချသေးဘူး။ ကြာပြီ ကြာပြီ ဟုတ်တယ်။ ပုံမှန်က ကြာသပတေးနေ့တိုင်း ရုံးချိန်းဗျ။ ဘာမှတင်ပြလို့မရဘူး။ ကာယကံရှင်က သူ့အမှုလိုက်ပေးဖို့အတွက်ကို လွှဲထားတာမှန်ပေမဲ့ သူ့ရဲ့သဘောထားကို ကိုယ့်သဘောနဲ့ကိုယ် သွားဆုံးဖြတ်လို့ မရဘူးလေ။ နားလည်တယ်မှတ်လား။ ဒီဟာကျ၊ တဝက်ခွဲပေးပါဆိုတဲ့ကိစ္စက၊ တဝက်ခွဲယူမယ် ဆိုတဲ့ကိစ္စက၊ ယူပါလို့ ပြောလို့မရဘူး၊ မယူနဲ့လည်း ပြောလို့မရဘူး၊ တွေ့ခွင့်ပြုဖို့ အတွက်ကို တင်ပြထားတဲ့ဟာတွေက မတွေ့ရတဲ့အတွက်ကို ဘာမှတင်ပြလို့မရဘူးလေနော် အဲဒီသဘောပဲ။”
၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းတဲ့ ခြံအမှတ် ၅၄ ထဲက နေအိမ်မပါတဲ့အပိုင်း မြေနေရာတဝက်ကို ခွဲပြီးရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က အလိုရှိနေတာပါ။
တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကလည်း ကာယကံရှင်ရဲ့ သဘောထားမပါဘဲ ဘာမှ ရှေ့ဆက်ဆောင်ရွက်လို့ မရတော့တဲ့ အခြေနေကို ရောက်နေတာ ဖြစ်ပါတယ်။
မြေနေရာတဝက်ခွဲရောင်းဖို့ အဆိုမတင်ခင် မေလဆန်းပိုင်းမှာတုန်းကလည်း ခြံအမှတ် ၅၄ လေလံကြမ်းခင်းဈေးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က သတ်မှတ်ပေးဖို့ ဦးအောင်ဆန်းဦးက တောင်းဆိုခဲ့ပါသေးတယ်။
ဦးအောင်ဆန်းဦးရဲ့ တင်ပြလျှောက်ထားချက်တွေဟာ အမွေစားအမွေခံ ဇာရီအမှုတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှုမရှိဘဲ အစဉ်အလာမရှိတဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးထားပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “ဒီအမှုက နဂိုကတည်းကိုက ဖြစ်တည်မှုက မတရားမှုဖြစ်တယ်။ ဒါက သာမန်နေရာမဟုတ်ဘူးဗျ။ သာမန်အဆောက်အအုံ မဟုတ်ဘူးဗျ။ သမိုင်းအမွေအနှစ် ဖြစ်တယ်ပေါ့နော်။ စိုးဝင်းတို့ မင်းအောင်လှိုင်တို့အုပ်စု သူတို့က ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ တော်တော်လေးကို အငြိုးအတေးရှိတယ်ဗျ။ မနာလို ဝန်တိုစိတ်က အရမ်းကြီးတာ။ ဒီ အောင်ဆန်းဦး ဆိုတဲ့သူကလည်း တိုင်းပြည်အပေါ်မှာ ထားတဲ့သဘောထား၊ ပြည်သူလူထုအပေါ်မှာ ထားတဲ့သဘောထား၊ ကိုယ့်ဖခင်ကဗျာ လွတ်လပ်ရေးဖခင်ဗျာ၊ လွတ်လပ်ရေးဗိသုကာဗျာ၊ အသက်နဲ့ရင်းပြီးတော့ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် စွန့်လွှတ်အနစ်နာခံသွားတဲ့သူဗျာ။ ဒီအမွေဆိုတာ ထိုက်သင့်မှရတာလေ။ တရားသဖြင့်ပဲ ဖြစ်သင့်တာပေါ့။ အဲဒီလိုမဟုတ်ဘဲ သူကိုယ်တိုင်က စစ်အာဏာရှင်တွေနဲ့ ပေါင်းတယ်။ အောင်ဆန်းဦး ကိုယ်တိုင်ကိုယ်က ပြည်သူ့သစ္စာဖောက်ဗျ၊ ပြည်သူလူထုရဲ့ရန်သူကို မိတ်ဖွဲ့ခြင်းကကို၊ ဒါကို ကျနော်တို့က လက်ခံလို့မရဘူးပေါ့နော်” လို့ ပြောပါတယ်။
ကမာရွတ်ခရိုင်တရားရုံးက ၂၀၂၄ မတ် ၂၀ ရက်မှာ ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ နဲ့ ပထမအကြိမ် လေလံတင်ခဲ့ပြီး ၂၀၂၄ ဩဂုတ် ၁၅ ရက်မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ ဒုတိယအကြိမ် လေလံတင်ခဲ့တာပါ။
၂၀၂၅ ဖေဖော်ဝါရီ ၅ ရက်မှာတော့ ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၉၇ သန်းနဲ့ တတိယအကြိမ် လေလံတင်ခဲ့ပြီး ၂၀၂၅ ဧပြီ ၂၉ ရက်နေ့မှာ ငွေကျပ်သိန်းပေါင်း ၂ ဒသမ ၇ သန်းနဲ့ စတုတ္ထအကြိမ် လေလံထပ်တင်ခဲ့ပေမဲ့ ဝယ်ယူမယ့်သူမရှိဘဲ ၄ ကြိမ်တိုင်တိုင် ပွဲပျက်ခဲ့ပါတယ်။
သုတချမ်းသာ











