DVB Logo
Home
မြန်မာသတင်း
ခြံအမှတ် ၅၄ လေလံဈေးအား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသတ်မှတ်ပေးရန် ဦးအောင်ဆန်းဦး တရားရုံးကိုတင်ပြ
DVB
·
May 16, 2025
ခြံအမှတ် ၅၄ လေလံဈေးအား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသတ်မှတ်ပေးရန် ဦးအောင်ဆန်းဦး တရားရုံးကိုတင်ပြ
Donate to DVB

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ လေလံဈေးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ သတ်မှတ်ပေးဖို့  ဦးအောင်ဆန်းဦးရဲ့ တင်ပြချက်ဟာ လုပ်ထုံးလုပ်နည်းနဲ့မညီကြောင်း ရှေ့နေတွေက တရားရုံးကို ပြန်လည်တင်ပြထားပါတယ်။

မေ ၁၅​ ရက် ရုံးချိန်းမတိုင်ခင်မှာ ခြံအမှတ် ၅၄ လေလံကြမ်းခင်းဈေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က သတ်မှတ်ပေးဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြထားတာပါ။

မေ ၁၅ ရက် ရုံးချိန်းမှာတော့ ရှေ့နေအဖွဲ့က ဦးအောင်ဆန်းဦးရဲ့ တင်ပြချက်ဟာ အမွေစားအမွေခံ ဇာရီအမှုတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှုမရှိကြောင်း ကမာရွတ်ခရိုင်တရားရုံးကို ပြန်တင်ပြထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ရုံးချိန်းမတိုင်ခင်မှာ တရားနိုင် ဦးအောင်ဆန်းဦးဘက်က ဘာပြောလဲဆိုတော့ ရှေ့နေက ကြမ်းခင်းဈေး သတ်မှတ်ဖို့ကို သူတို့ဘက်ကချည်းပဲ သတ်မှတ်လာတယ်။ အဲဒီတော့ တဖက်က တရားရှုံးဖြစ်တဲ့ အန်တီတို့ဘက်က ရှေ့နေတွေ သတ်မှတ်ပေးပါဆိုပြီးတော့ တရားရုံးကို တင်ပြတယ်။ ရှေ့နေတွေ တိုင်ပင်လိုက်တာတော့ တရားနိုင်ဘက်ကသာ ကြမ်းခင်းဈေးက များသောအားဖြင့် တင်ပြလေ့ရှိတာကိုး၊ အန်တီက တရားရှုံးဆိုတော့၊ တရားရှုံးဘက်က တင်ပြလေ့တင်ပြထ ထုံးမရှိဘူးပေါ့ဗျာ။ အဲဒီအချက်ရယ် နောက်ပြီးတော့ အန်တီနဲ့လည်း တွေ့ခွင့်မရတဲ့အခါကြတော့ ကြမ်းခင်းဈေးကြီးကို ဘယ်လောက်သတ်မှတ်ပါ ဆိုပြီးတော့ လုပ်လို့မရတဲ့ အနေအထားမှာ အဲဒီ အကျိုးအကြောင်းလေးတော့ တင်ပြမယ်လို့ တိုင်ပင်ထားတာတော့ ရှိတယ်ဗျ၊ ဘာတင်ပြလဲ ဆိုတာတော့ အတိအကျ ကျနော် မပြောနိုင်ဘူး။”

ခြံအမှတ် ၅၄ အမှုနဲ့ပတ်သက်ပြီး လေလံကြမ်းခင်းဈေး သတ်မှတ်ရာမှာ ဦးအောင်ဆန်းဦးဘက်က ၄ ကြိမ်တိုင်တိုင် စိတ်တိုင်းကျတင်ပြသတ်မှတ်ခဲ့ပေမဲ့ လေလံမအောင်မြင်ခဲ့ပါဘူး။ လေလံတင်ရောင်းတဲ့ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒသဘောထားနဲ့ မှတ်ချက်တစုံတရာ မရှိခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က “သူက အဲဒီလိုလွှဲချလို့တော့ မရဘူးပေါ့။ တရားနိုင်က ရမယ့်သူဆိုတော့ ရမယ့်သူက အဆိုပြုရတာပေါ့။ ပေးရမယ့်သူက သွားပြီးတော့ အဆိုပြုတော့ မရှိပါဘူး၊ ဘယ်တုန်းကမှမရှိပါဘူး။ ရမယ့်သူက အဆိုပြုရတာ။ ရှေ့နေတွေမှာ အဲဒီလုပ်ပိုင်ခွင့် မရှိဘူး။ ကာယကံရှင် အမှုသည်ရဲ့ဆန္ဒ မပါဘဲနဲ့၊ သူ့ပစ္စည်းမှမဟုတ်တာကိုး။ ကန့်ကွက်တာကတော့ ရတယ်၊ ဒါကတော့ အမှုသည်က သဘောတူမှာပဲ။ အဆိုပြုတာကျတော့ အမှုသည်ရဲ့ သဘောတူညီချက် ယူရမယ်လေ” လို့ ပြောပါတယ်။

ခြံအမှတ် ၅၄ နေအိမ်ကို ငွေကျပ်သိန်းပေါင်း ၂ ဒသမ ၇ သန်းနဲ့ ဧပြီ ၂၉ ရက်မှာ ကမာရွတ်ခရိုင်တရားရုံးက စတုတ္ထအကြိမ် လေလံပစ်ခဲ့ပေမဲ့ လေလံဆွဲမယ့်သူမရှိဘဲ ပွဲပျက်ခဲ့တာပါ။

၂၀၂၄ မတ် ၂၀ ရက်မှာ ခြံအမှတ် ၅၄ကို ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ နဲ့ ပထမအကြိမ်၊ ၂၀၂၄ ဩဂုတ် ၁၅ ရက်မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ ဒုတိယအကြိမ်၊ ၂၀၂၅ ဖေဖော်ဝါရီ ၅ ရက်က ခြံအမှတ် ၅၄ ကို ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၉၇ သန်းနဲ့ တတိယအကြိမ် လေလံတင်ခဲ့ပေမဲ့ ဝယ်ယူမယ့်သူမရှိဘဲ အကြိမ်ကြိမ်ပွဲပျက်ခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013