DVB Logo
Home
မြန်မာသတင်း
ခြံအမှတ် ၅၄ ကို နောက်တကြိမ် လေလံတင်မတင် စစ်ကောင်စီ တရားရုံးဆုံးဖြတ်ချက်ပေါ် မူတည်
DVB
·
March 25, 2024
ခြံအမှတ် ၅၄ ကို နောက်တကြိမ် လေလံတင်မတင် စစ်ကောင်စီ တရားရုံးဆုံးဖြတ်ချက်ပေါ် မူတည်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ ကို နောက်တကြိမ် လေလံတင်မတင်နဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်မဖြစ်ဆိုတာ စစ်ကောင်စီတရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီက သူတို့ကြေညာထားတဲ့အတိုင်း မတ် ၂၀ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချဖို့ ကြိုးစားခဲ့ပေမဲ့ သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လေလံဆွဲမယ့်သူ မရှိတာကြောင့် လေလံပွဲ မအောင်မြင်ဘဲ နောက်တကြိမ် လေလံတင်ဖို့ ရက်ရွှေ့ဆိုင်းခဲ့ရတာပါ။

အမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက ရန်ကုန်တိုင်း တရားလွှတ်တော်မှာ ပြင်ဆင်ချက်တင်ထားတာ၊ နောက်တကြိမ် လေလံဆွဲဖို့ တရားရုံးက ကြမ်းခင်းဈေး ထပ်ပြီး သတ်မှတ်ရမှာတွေ ရှိနေပြီး လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်မဖြစ်ဆိုတာ စောင့်ကြည့်သွားရမယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဝါရင့်ရှေ့နေ ဦးကြီးမြင့်က “ဧပြီလ ပထမပတ်ထဲမှာ နှစ်ဖက်ကိုကြားနာမယ်။ ဦးအောင်ဆန်းဦးဘက်က လျှော့ပေးပါဆိုတဲ့ တင်တဲ့စာတွေ၊ ဒေါ်စုဘက်က ကန့်ကွက်တဲ့စာတွေ အစရှိသဖြင့် အဲဒါတွေ တင်မယ်ပေါ့။ ဧပြီလ ပထမပတ်ထဲမှာ ကြားနာပြီးတဲ့နောက် နောက်ရုံးချိန်းမှာ အမိန့်ချမယ်။ ဘယ်လိုအမိန့်ချမလဲဆိုတော့ လေလံလျှော့ရင်လည်း လျှော့တယ်၊ မလျှော့ရင်လည်း မလျှော့ဘူး အစရှိသဖြင့်ပေါ့။ ဒီကြားထဲမှာ ထူးခြားချက်က နောက်ထပ်ရုံးချိန်းမချခင် စပ်ကြားထဲမှာ ရန်ကုန်တိုင်း တရားရုံးကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ တင်ထားတဲ့ ပြင်ဆင်ချက်နဲ့ပတ်သက်လို့ လျှောက်လဲချက် ကြားနာကောင်း ကြားနာမယ်။ အဲဒီကနေ လက်ခံလိုက်ပြီဆိုရင် အမှုတွဲခေါ်မယ်။ အမှုတွဲခေါ်သွားရင် လေလံက ခဏရပ်သွားမယ်။ အမှုတွဲမခေါ်ဘူး ဆိုရင်တော့ ဒါက ဆက်သွားနေမှာပဲ။ ပြီးတော့ ဦးအောင်ဆန်းဦးရှေ့နေရဲ့ ဘယ်လောက် လျှော့ပေးပါဆိုတဲ့ ဥစ္စာကို ပြန်လက်ခံပြီးတော့ တရားရုံးက ပြန်လေလံထပ်ပစ်ချင်လည်း ပစ်မယ်ပေါ့။ ဦးအောင်ဆန်းဦးဘက်က မတရားလျှော့ခိုင်းနေတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေဘက်က ကန့်ကွက်မှာပေါ့။ တကယ်လို့ ဦးအောင်ဆန်းဦးဘက်က ပြောတာကို လက်ခံတယ်ဆိုရင် လေလံက ဆက်သွားမှာပဲ” လို့ ပြောပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရဆိုရင် အမွေစားအမွေခံ တရားမ ဇာရီအမှုတွေမှာ အမိန့်ပါ ဖော်ပြချက်တွေကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်တာ၊ လုပ်ပိုင်ခွင့်ပေးတာ၊ လက်ခံရယူတာ စတဲ့ အဆင့်ဆင့်လုပ်ဆောင်ချက်တွေကို တရားနိုင်ကြောင်း အမိန့်ရထားသူက အတည်ပြု ဆုံးဖြတ်ရတာပါ။

လေလံတင်မယ်ဆိုရင်တော့ ကြမ်းခင်းဈေးကို တရားပြိုင်နှစ်ဖက်စလုံးက အဆိုပြုချက်တွေ တင်သွင်းပြီး သင့်လျော်တဲ့ဈေးနှုန်းကို တရားရုံးက သတ်မှတ်ပေးရပါတယ်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ဒေါ်အောင်ဆန်းစုကြည်ကလည်း ရုံးရှေ့ကို မလာနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေတွေကလည်း တွေ့ဆုံဆွေးနွေးခွင့် မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံကြမ်းခင်းဈေး သတ်မှတ်ဖို့ အဆိုမပြုနိုင်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဘက်က သူကိုယ်တိုင်ဖြစ်စေ၊ သူ့ရှေ့နေတွေကဖြစ်စေ လေလံကြမ်းခင်းဈေးကို ဘယ်လောက်သတ်မှတ်ပေးပါဆိုပြီး တင်ပြရမယ်။ နှစ်ဖက် တင်ပြချက်အပေါ်မှာပဲ တရားရုံးက ဆင်ခြင်တုံတရားအရ သင့်လျော်တဲ့ ပမာဏတခု သတ်မှတ်ပေးရမှာပေါ့” လို့ ပြောပါတယ်။

၂၀၁၆ တရားရုံးအမိန့်အရ ဒေါ်အောင်ဆန်းစုကြည်က အသာစီးရခဲ့တာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ အမွေဆိုင်အိမ်နဲ့ခြံကို လေလံတင် ရောင်းချမယ်ဆိုရင် ကြမ်းခင်းဈေးနဲ့အညီ ဦးစွာဝယ်ယူခွင့်ကို ဒေါ်အောင်ဆန်းစုကြည်က ရရမှာဖြစ်ပါတယ်။

ဝါရင့်ရှေ့နေ ဦးကြီးမြင့်က “သူ့အမှုသည်က ဘာမှမသိရဘဲနဲ့ တွေ့ခွင့်လည်း မရဘဲနဲ့ တဖက်သတ် လုပ်နေပါတယ်ဆိုပြီး မကျေနပ်လို့ ပြင်ဆင်မှုတက်တာပေါ့။ အဲဒါကို ရန်ကုန်တိုင်းတရားရုံးက လက်ခံသင့် မခံသင့် ကြားနာရမယ်။ ကြားနာပြီးတော့ လက်ခံလိုက်တယ်၊ အမှုတွဲခေါ်သွားတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သဘောထားမရဘဲ ဒီလိုလုပ်နေတာဟာ တရားမဝင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့တကွ ပြန်တင်ပြပါဆိုတဲ့ အမိန့်ချရင်လည်း ချနိုင်တာပဲ။ အဲလိုမချဘဲနဲ့ လျှောက်လဲချက် ကြားနာပြီးတဲ့နောက် ပယ်လိုက်တယ် ဆိုပြီးတော့လည်း ပယ်နိုင်တာပဲ။ ဒါမှမဟုတ်လည်း လျှောက်လဲချက်ကို လက်ခံပြီးတော့ နှစ်ဖက်ရှေ့နေတွေလာပြော၊ နှစ်ဖက်လျှောက်လဲချက် ပေးပေါ့။ အဲအပေါ်မှာ ဆုံးဖြတ်ချက်တရပ် ချပြီးတော့ ပယ်ချင်လည်းပယ်မယ်၊ ခွင့်ပြုချင်လည်း ပြုမယ်ပေါ့နော်” လို့ ပြောပါတယ်။

၂၀၁၆ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးဆုံးဖြတ်ချက်အရ ခြံနေရာတဝက် ပိုင်ဆိုင်ခွင့် ရထားသူ ဦးအောင်ဆန်းဦးက သူ့ရဲ့ခွဲတမ်းကို လက်ဝယ်ရအောင် ရောင်းချခွဲဝေဖို့ ၂၀၂၁ အောက်တိုဘာလမှာ စစ်ကောင်စီ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးဆီကို ပုဂ္ဂိုလ်ရေးလျှောက်လွှာစာ ပေးပို့ခဲ့ပြီးနောက်မှာ ပြည်ထောင်စုတရားလွှတ်တော်က လက်ခံကြားနာပြီး လေလံတင်ဖို့  ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့တာပါ။

ခြံအမှတ် ၅၄ ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး ရောင်းချ၊ ဝယ်ယူ၊ ပြင်ဆင်သူ အားလုံးကို အရေးယူသွားမယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက သတိပေး ပြောဆိုထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013