DVB Logo
Home
မြန်မာသတင်း
ART ဆေးကို NGO များ ထုတ်ပေးခွင့် ရပ်ဆိုင်း၊ ဆေးရုံများတွင်သာ ထုတ်ယူခွင့်ပြု
DVB
·
August 11, 2025
ART ဆေးကို NGO များ ထုတ်ပေးခွင့် ရပ်ဆိုင်း၊ ဆေးရုံများတွင်သာ ထုတ်ယူခွင့်ပြု
Donate to DVB

HIV ပိုးကူးစက်ခံရသူတွေ သောက်သုံးရတဲ့ ART ဆေးဝါးတွေကို မြန်မာနိုင်ငံတွင်းမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO/ INGO) တွေကနေ ထုတ်ပေးခွင့် မရှိတော့ဘဲ နိုင်ငံပိုင် ဆေးရုံကြီးတွေမှာသာ ထုတ်ယူခွင့်ပြုတော့မယ်လို့ NUG အဖွဲ့တွေဆီကနေသိပါတယ်။

AIDS ရောဂါအတွက် HIV ဆေးဝါးတွေကို အစိုးရမဟုတ်ရဲ့ HIV Satellite Sites တွေ၊ အရပ်ဘက်အဖွဲ့အစည်း (NGO၊INGO) တွေဆီက တိုက်ရိုက်ထုတ်ယူခွင့် ရပ်ဆိုင်းလိုက်ပြီး  MOH National AIDS Program (NAP) လို့ ခေါ်တဲ့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကပဲ တိုက်ရိုက်ထုတ်ပေးတော့မယ်လို့ သိရပါတယ်၊

ART ဆေးထုတ်ပေးနေတဲ့ ပြည်တွင်းအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆေးဝါးထောက်ပံ့ကူညီနေတဲ့ ဒေသတွင်းအဖွဲ့တချို့ကတော့ လုပ်ငန်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းလိုက်တာ မှန်ကန်ကြောင်း အတည်ပြုပြောပါတယ်။

INGO ဝန်ထမ်းတယောက်က “ဟုတ်တယ် ဆေးတွေ ထုတ်ပေးခွင့် ရပ်ဆိုင်းလိုက်တာ သေချာပါတယ်။ ပြီးခဲ့တဲ့ တပတ်ကတည်းက ဆေးပေးနေတဲ့ The Union- International Union Against Tuberculosis and Lung Disease အဖွဲ့တွေ နားလိုက်တာ” လို့ ပြောပါတယ်။

ပြည်သူ့အကျိုးပြု ဆရာဝန်တယောက်က “အစကတည်းက National Program ဖြစ်တာကြောင့် အစိုးရနဲ့ NGO တွေက မိမိကဏ္ဍအလျောက် လူနာတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်နေကြတာပါ။ လက်တလောအနေနဲ့ လူနာတွေ ဆေးမပြတ်ဖို့ အရေးကြီးပါတယ်။ အစိုးရဌာနဘက်ကို အလွှဲခံရရင်လည်း ကိုယ် ဆေးထုတ်လို့အဆင်ပြေနိုင်မည့်နေရာမှာ ဆေးထုတ်ပြီး ဆက်သောက်တာ ပိုကောင်းပါမယ်။ အပြင်မှာ ကိုယ့်ဘာသာ ဝယ်သောက်ရင်ကျ ဆေးစရိတ် ကြီးမားပြီး ဆေးသောက်ပြတ်တာတွေ ဖြစ်မှာ စိုးရိမ်ရပါတယ်။ အခြေအနေတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ" လို့ ပြောပါတယ်။

NGO/ INGO ဆေးပေးခန်းတွေမှာ ဆေးဝါးထုတ်ယူခွင့်ကို ဩဂုတ် ၈ ရက်က စတင်ရပ်ဆိုင်းလိုက်တာလို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

လက်ရှိမှာတော့ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ကြောင်းနဲ့ နိုင်ငံခြားဝင်ငွေစီးဆင်းမှုကို ထိန်းချုပ်ချင်တဲ့ စစ်တပ်ရဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ လွတ်မြောက်နယ်မြေတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ဒေါက်တာမြေလတ်က ပြောပါတယ်။

“အရင်က NGO တွေမှာပဲ ဆေးခန်းပြ ဆေးထုတ်လို့ရ နေရာကနေ အခုတော့ မြို့နယ်ဆေးရုံ ခရိုင်ဆေးရုံကို ပြောင်းထုတ်ခိုင်းတာပါ။ အဲဒီလို ပြောင်းထုတ်ရင် မြို့နယ် ခရိုင်ဆေးရုံက လုပ်အားနိုင်ပါ့မလား ဆိုတာတွေ စိုးရိမ်ချက်ရှိကြတယ်။ အခုကတော့ ဆေးရုံတွေက နိုင်၊ မနိုင် စောင့်ကြည့်ရမယ့်သဘောပါပဲဗျ။ ဒီ Order မထွက်ခင်တည်းက စကစနဲ့ တွဲလုပ်တဲ့ NGO တွေအနေနဲ့ လွတ်မြောက်နယ်မြေမှာ ဘာမှလုပ်မပေးခဲ့ဘူး။ အာဏာသိမ်းကတည်းက ဒေါ်လာငွေ လိုအပ်ချက်ရှိနေလို့ တရစ်ပြီးတရစ် ကြပ်လာခဲ့တာ။ အခု ART ဆေးကိစ္စကလည်း နောက်ထပ် ကြပ်လိုက်တဲ့ အရစ်တရစ် ဖြစ်သွားတယ်လို့ မြင်တယ်။ စစ်တပ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ NGO အဖွဲ့အစည်းတွေဆီကနေတဆင့် ငွေကြေးဒေါ်လာစီးဆင်းမှုကို သူတို့ဆီကနေ တဆင့်တိုက်ရိုက် စီးဆင်းစေချင်တဲ့ အခြေအနေပါပဲ။”

အခုလို ပြောင်းလဲလိုက်တာကြောင့် လွတ်မြောက်နယ်မြေတွေမှာတော့ သိသာတဲ့ ထိခိုက်မှုတွေ မရှိလာနိုင်ပေမဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ HIV ကူးစက်ခံရသူတွေအနေနဲ့  ဆေးရုံတွေကို သွားပြီး ဆေးဝါးထုတ်ယူဖို့ဆိုတာ သွားရေးလာရေး ခက်ခဲနိုင်ပါတယ်။ 

ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS)၊ တီဘီရောဂါ (TB)၊ ငှက်ဖျားရောဂါ (Malaria) စတာတွေအတွက် ထောက်ပံ့ငွေ ကူညီလှူဒါန်းနေတဲ့ Global Fund Myanmar အဖွဲ့ရဲ့ ၂၀၂၄-၂၆  ငွေစာရင်းအရ မြန်မာနိုင်ငံရဲ့ ဆေးဝါးထောက်ပံ့မှုက HIV ၊ TB နဲ့ ငှက်ဖျားဆေးတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၇၀ လျာထားကြောင်း သိရပါတယ်။

အဲဒီအထဲ HIV အတွက် ဆေးဝါးနဲ့ စမ်းသပ်ကိရိယာဝယ်ယူဖို့ သယ်ယူပို့ဆောင်ဖို့နဲ့ ကျန်းမာဝန်ထမ်းစရိတ်တွေအတွက် အမေရိကန်ဒေါ်လာ ၈၅ သန်းကနေ ၁၀၂ သန်းကြားထိ လျာထားတယ်လို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013