DVB Logo
Home
မြန်မာသတင်း
မြန်မာအတွက် အမေရိကန် NGO တခုက  ဆေးဘက်ဆိုင်ရာအကူအညီများ ဆက်လက်ပေးအပ်
DVB
·
August 5, 2025
မြန်မာအတွက် အမေရိကန် NGO တခုက  ဆေးဘက်ဆိုင်ရာအကူအညီများ ဆက်လက်ပေးအပ်
Donate to DVB

မြန်မာနိုင်ငံ ငလျင်ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ့်အကြောင်း အမေရိကန်အခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ Direct Relief က ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီသီတင်းပတ်အတွင်း ပို့ဆောင်မယ့် ထောက်ပံ့ကူညီမှုကိုတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့ Community Partners International (CPI) ကတဆင့် ဖြန့်ဝေသွားမှာ ဖြစ်ပြီးတော့ ဒါဟာ မြန်မာနိုင်ငံ ငလျင်လှုပ်ခတ်ပြီးနောက် ကျယ်ပြန့်တဲ့ တိုက်ရိုက်ကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်ရေး ကြိုးပမ်းမှု တစိတ်တပိုင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီမတိုင်ခင် မေလတုန်းကလည်း Direct Relief အနေနဲ့ အမေရိကန်ဒေါ်လာ ၈၇,၀၀၀ နီးပါး တန်ဖိုးရှိတဲ့ ဆေးဝါးတွေနဲ့ အထောက်အကူပြုပစ္စည်းတွေကို မြန်မာနိုင်ငံဆီ ပေးအပ်လှူဒါန်းခဲ့ဖူးပြီး ဒါတွေကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူတွေက CPI ကိုယ်စားလှယ်ဆီ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့တဲ့အကြောင်း လော့စ်အိန်ဂျလိစ်မြို့က မြန်မာကောင်စစ်ဝန်ရုံးက ထုတ်ပြန်ထားခဲ့တာပါ။

ခုတခါ ထောက်ပံ့ကူညီမှုမှာ ဘယ်ရွေ့ဘယ်မျှ ထောက်ပံ့မယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရပါဘူး။

အာဏာသိမ်း စစ်ကောင်စီဟာ ငလျင်နဲ့ပတ်သက်လို့ ထိထိရောက်ရောက် ကယ်ဆယ်ကူညီတာတွေ မလုပ်ခဲ့ပေမဲ့ အလှူခံဖို့ ဦးစားပေးလွှင့်တင်ထားတဲ့ Myanmar Earthquake ဝက်ဘ်ဆိုက်ကို ကြော်ငြာနေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြုပြီး အင်အားပြင်းမြေငလျင်ကြီး လှုပ်ခတ်အပြီး ၄ လလောက်အကြာမှာ http://www.myanmarearthquake.gov.mm/ ဆိုတဲ့ ဝက်ဘ်ဆိုက်တခုကို စစ်ကောင်စီက လွှင့်တင်ဖွင့်လှစ်လိုက်တာဖြစ်ပြီး စဉ်ဆက်မပြတ် အလှူခံဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အဲဒီဝက်ဘ်ဆိုက်ကို ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့နဲ့ ငလျင်ဘေး ပြန်လည်ထူထောင်ရေးမှာ ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်စိတ်ချရမှုရှိတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတခု ဖြစ်လာဖို့ အဲဒီဝက်ဘ်ဆိုက်ကို လွှင့်တင်ထားတာလို့ ဆိုပါတယ်။

Justice for Myanmar အဖွဲ့ကတော့ စစ်ကောင်စီဟာ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅ သန်းကျော် အလှူငွေရထားပြီး ဒါဟာ နိုင်ငံတဝန်းမှာ ပြည်သူတွေကို ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် စစ်စရိတ် အထောက်အပံ့ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013