DVB Logo
Home
မြန်မာသတင်း
PJ နိုင်ငံကူးလက်မှတ်များကို အခြားအမျိုးအစား ပြောင်းလဲခွင့်မပြုတော့
DVB
·
August 10, 2025
PJ နိုင်ငံကူးလက်မှတ်များကို အခြားအမျိုးအစား ပြောင်းလဲခွင့်မပြုတော့
Donate to DVB

နိုင်ငံကူးလက်မှတ်ထုတ်ပေးရာမှာ သက်တမ်းရှိအလုပ်အကိုင်ပတ်စ်ပို့ (PJ) အမျိုးအစား ကိုင်ဆောင်ထားသူတွေကို PJ ကနေ တခြားအမျိုးအစားကို ပြောင်းလဲခွင့် မပြုတော့ဘူးလို့ စစ်တပ်က လျှို့ဝှက်အမိန့်နဲ့ ထုတ်ပြန်ထားပါတယ်။

သက်တမ်းရှိ PJ ပတ်စ်ပို့ ကနေ PV (အလည်အပတ် ပတ်စ်ပို့) ပြောင်းလဲတာကို ဇွန် ၆ ရက်ကစလို့ လုံးဝ မပြောင်းလဲပေးဖို့ညွှန်ကြားပြီးဖြစ်တာကြောင့် ညွှန်ကြားချက်ကို မလိုက်နာရင် တာဝန်ရှိသူအဆင့်ဆင့်ကို ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ရဲမှူးကြီး အုပ်စိုးထွန်းရဲ့ လက်မှတ်နဲ့ ညွှန်ကြားစာ ဩဂုတ် ၇ ရက်မှာ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

ပတ်စ်ပို့ ပြောင်းလဲလျှောက်ထားတာနဲ့ ပတ်သက်လို့ PJ ပတ်စ်ပို့ကိုင်ဆောင်ထားသူ တချို့ဟာ မမှန်ကန်တဲ့ နည်းလမ်းနဲ့ PV(အလည်အပတ်)၊ PT(မှီခို)နဲ့ PE(ပညာသင်)နိုင်ငံကူးလက်မှတ် အမျိုးအစားတွေကို ပြောင်းလဲလျှောက်ထားတာ တွေ့ရတဲ့အတွက် အခုလိုမျိုး ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။

ပတ်စပို့ဝန်ဆောင်မှုပေးသူ တယောက်က “PJ ကနေ PV, PE ဘာတခုမှ ပြောင်းမရတော့ပါဘူး။ ဇွန်လ ၆ ရက်ကတည်းက အမိန့်နဲ့ပိတ်တာပါ။ အရင်ကတော့ ပိုက်ဆံပေးပြောင်းလို့ရတယ်။ အခုက နည်းလမ်းမရှိဘူး။ PJ စာအုပ် သက်တမ်းကုန်မှပဲ PV ပြန်ပြောင်းလို့ရမှာပါ။ အချို့က PJ နဲ့ ထွက်မရတော့ PV, PE ပြောင်းပြီးထွက်ကြတော့ အခုလို အမိန့် ထုတ်လိုက်တာ” လို့ ပြောပါတယ်။

ပတ်စ်ပို့ အသစ်လျှောက်၊ သက်တမ်းတိုးတာတွေအတွက် ပွဲစားတွေကတဆင့် လုပ်ရင် ၅၀,၀၀၀ ကျပ်၊ ပျောက်ဆုံးပျက်စီးအတွက် လုပ်ဆောင်ရင် ၁၀၆,၀၀၀ ကျပ် ကျသင့်ပြီး၊ အွန်လိုင်းကနေ QR ရယူမှုအတွက်လည်း ဝန်ဆောင်ခ ၈,၀၀၀ ကျပ် ပေးရတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံထွက်ဖို့ပြင်နေတဲ့ လူငယ်တယောက်က “အရင်က ဂျပန်ကို အလုပ်နဲ့သွားကြဖို့ လျှောက်ထားကြတာ။ အခုက ဂျပန်ကို အသက် ၁၈ ကနေ ၃၅ နှစ် စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ အမျိုးသားဆိုရင် PJ အလုပ်နဲ့ လုံးဝကိုပေးမထွက်တာ။ မိန်းကလေးဆိုရင်လည်း OWIC ကတ်ရဖို့ ကြန့်ကြာတာတွ်ရှိတော့ ကျောင်းပြောင်းတက်ကြတာ။ ကျောင်းခေါ်စာနဲ့ဆိုရင်တော့ PJ to PE အရင်က ပြောင်းလို့ရတယ်။ အခုက အဲဒီလို အမိန့်နဲ့ ပိတ်ပြီးနောက်ပိုင်း ပြောင်းမရတော့ဘူး” လို့ ပြောပါတယ်။

ပြည်ပထွက်အလုပ်လုပ်ကိုင်မယ့် လူငယ်လူရွယ်တွေကို စစ်တပ်က အခုလို နည်းလမ်းပေါင်းစုံနဲ့ ထိန်းချုပ်ကန့်သတ်တာတွေကြောင့် ပြည်ပကို တရားမဝင်အောက်လမ်းကနေ ထွက်ခွာတာတွေ ပိုတိုးလာတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်ပကို အရေးကြီး၊ အရေးပေါ် ကျန်းမာရေးကိစ္စရပ်တွေနဲ့ အမှန်တကယ် သွားရောက်ဖို့လိုအပ်ရင်တော့ PV နိုင်ငံကူးလက်မှတ်ကို တနှစ်သက်တမ်းနဲ့ ခွင့်ပြုနိုင်ဖို့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ဆီကို တင်ပြဆောင်ရွက်ရမယ်လို့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013