DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ပန်းရောင်ကတ် ဘတ်အသစ်ရိုက်ရန် ရွှေ့ပြောင်းအလုပ်သမားများ မျှော်လင့် 
DVB
·
August 10, 2025
ထိုင်းတွင် ပန်းရောင်ကတ် ဘတ်အသစ်ရိုက်ရန် ရွှေ့ပြောင်းအလုပ်သမားများ မျှော်လင့် 
Donate to DVB

ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်သမားအသစ် ၄၂,၀၀၀ နီးပါး လက်ခံဖို့ ဆွေးနွေးပြီးနောက် ထိုင်းမှာ ပန်းရောင်ကတ် ဘတ်အသစ်ရိုက်ဖို့ မျှော်လင့်ကြောင်း အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဩဂုတ် ၈ ရက်က ကျင်းပခဲ့တဲ့ နိုင်ငံခြားသားများအလုပ်သမားမူဝါဒ ကော်မတီ အစည်းအဝေးမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ နိုင်ငံမှာ အလုပ်သမားပြတ်လပ်နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းအသစ်တွေ စတင်လုပ်ဆောင်နေပြီလို့ ပြောခဲ့တာပါ။

လက်ရှိမှာ လုပ်ငန်းရှင်တွေဆီကနေ နိုင်ငံခြားသား အလုပ်သမား အရေအတွက် ဘယ်လောက် လိုတယ်ဆိုတာ စတင်စာရင်းကောက်နေပြီး၊ အဲဒီအချက်အလက်တွေအရ အလုပ်သမားအသစ် ၄၂,၀၀၀ နီးပါး လက်ခံနိုင်ဖို့ ခန့်မှန်းထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။

ထိုင်းမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ၄ နိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သားတွေအတွက် နှစ်စဉ် ပြုလုပ်ပေးနေကျ ပန်းရောင်ကတ် ဘတ် အထောက်အထားသစ်ကို လုပ်သားလိုအပ်ချက်အရ ဒီနှစ်ထဲမှာ ထပ်မံ လုပ်ပေးနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်း ပြောပါတယ်။

AAC အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “လူသစ် ဘတ်ဖွင့်ဖို့က ရာခိုင်နှုန်း တော်တော်များတယ်။ ဒီတကြိမ် ဖွင့်မယ်ဆိုရင်တော့ မြန်လိမ့်မယ်။ သူက အရေးပေါ် လိုတာဆိုတော့ အနည်းဆုံးတော့ ၈ လပိုင်းအကုန်လောက်တောင် ဖွင့်နိုင်မယ်လို့ မှန်းဆကြတယ်။ ဒါကတော့ ခန့်မှန်းခြေပဲ။ ထိုင်းကတော့ သူတို့ မူဝါဒက ခဏခဏ ပြောင်းလေ့ရှိတယ်။ ဒါပေမဲ့ သေချာပေါက် ဘတ် လူသစ်ဖွင့်လိမ့်မယ်လို့ ကျနော် သုံးသပ်တယ်။ ထုံးစံတိုင်းကတော့ ဘာလုပ်ရမလဲဆိုတော့ လူသစ် ဘတ်ဖွင့်မယ်ဆို အလုပ်ရုံတွေက လူခေါ်ကြတယ်ဆိုတော့ အလုပ်ရုံသစ်တွေ ရှာထားသင့်တယ်။ လူသစ် ဘတ် ရသွားရပြီဆိုရင် ကိုယ်လုပ်မယ့် အလုပ်ရုံနဲ့ ကွက်တိဖြစ်နေအောင် ကြိုးစားထားရမှာပေါ့။ ပြီးတော့ လိုအပ်တဲ့ ငွေကြေးကိစ္စတွေ စီစဉ်ထားရင်တော့ အရင်တုန်းကလို လူသစ် ဘတ်ရိုက်တဲ့အခါ ကျန်ခဲ့တာမျိုး မဖြစ်တော့ဘူးပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ် ပဋိပက္ခပြဿနာတွေကြောင့် ကမ္ဘောဒီးယား အလုပ်သမားတွေ အလုံးအရင်း ထိုင်းနိုင်ငံကနေ ထွက်ခွာ နေရပ်ပြန်သွားကြပြီးနောက် လုပ်သားပြတ်လပ်မှု ပြဿနာကို ရင်ဆိုင်နေရပါတယ်။

ဒီအခြေအနေတွေကြောင့် ထိုင်းမှာ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍ ပေါင်းစုံမှာ အလုပ်သမား မလုံလောက်မှု အကျိုးဆက် ဖြစ်ပေါ်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း ၂၀၂၅ ဖေဖော်ဝါရီ ၁၃ မှာကတည်းက အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားတဲ့ အလုပ်သမားတွေအတွက် သက်တမ်းတိုးကိစ္စတွေက ဒီနှစ်ထဲမှာ ဆောင်ရွက်နေဆဲပဲ ဖြစ်ပြီး၊ သက်တမ်းတိုးမယ့် လူဟောင်းတွေကလည်း လုပ်ငန်းကိစ္စတွေ အမြန်ဆုံးပြီးဖို့ မျှော်လင့်နေပါတယ်။

မြန်မာအလုပ်သမား ကိုဇော်က “ပုံမှန်ကုန်ကျစရိတ်ထက်ပိုပြီး ပေးရတာဖြစ်တဲ့အတွက် ဒီငွေတွေ မဆုံးရှုံးအောင် စိတ်ချရတဲ့ ပွဲစားကို ကိုယ်တိုင်လည်း လုပ်မရဘူးဆိုတော့ တဦး တယောက်အနေနဲ့ လုပ်မယ်ဆိုရင်တော့ သေချာတဲ့ ပွဲစားကို ရွေးရမှာပေါ့။ အဲဒါ အဓိကပါပဲ။ ကျန်တာတော့ အဲဒီပွဲစားက ကိုယ်ယုံကြည် စိတ်ချရတဲ့ အနေအထားမှာ ရှိတယ်ဆိုရင် သူ တောင်းသလောက်ပေး၊ သူ ခိုင်းတဲ့အတိုင်း သူ ခေါ်တဲ့အချိန် လုပ်လိုက်ရင် အဆင်ပြေတယ်ပေါ့။ ဒါကတော့ ကျနော်တို့ ထိုင်းနိုင်ငံမှာ ဘတ်ရိုက်ရင် ကိုယ်တိုင်ကြုံရတဲ့ အခြေအနေပေါ့။ အသစ်ပဲလုပ်လုပ် သက်တမ်းပဲ တိုးတိုး၊ အားလုံးက ဒီ process ပဲ။ ထိုင်းအစိုးရ ဝန်ကြီးဌာနက ကြေညာပေမဲ့ ပွဲစားရဲ့လက်အောက်ကနေ သွားရတဲ့ အနေအထားပဲပေါ့”လို့ ပြောပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) စာအုပ် စခန်းတွေလည်း ဖွင့်လှစ်နေပြီး၊ ထိုင်းရောက် အလုပ်သမားရေး လှုပ်ရှားသူတွေကတော့ စီအိုင် မလိုဘဲ ပန်းရောင်ကတ် တမျိုးတည်းနဲ့သာ နေထိုင်လုပ်ကိုင်ခွင့်ရဖို့ တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံကို ရွှေ့ပြောင်းရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၇ သန်းဝန်းကျင် ရှိနေတယ်လို့ ထိုင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်ခင်ဗျာ။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013