DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို   လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ကန့်ကွက်
DVB
·
August 8, 2025
စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို   လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ကန့်ကွက်
Donate to DVB

အာဏာသိမ်းစစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲအစီအစဉ်နဲ့ စစ်တပ်ဩဇာခံ မြန်မာသတင်းမီဒီယာကောင်စီ (MPC)ကို ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ( IPCM) က  ဒီကနေ့ ဩဂုတ် ၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြင်ဆင်မှုတွေ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေနဲ့ ဇူလိုင် ၃၀ ရက်က အသက်သွင်းခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေတွေဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးတွေကို ချိုးဖောက်ထားတယ်လို့ IPCM က ဆိုပါတယ်။

ဒါ့အပြင် အရေးပေါ်ကာလ ပြီးဆုံးသွားပြီလို့ စစ်အုပ်စုက ဆိုပေမဲ့လည်း “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှု ကာကွယ်ရေးဥပဒေ” ပါ အခွင့်အရေးတွေ ရုပ်သိမ်းခံထားရပြီး စစ်အုပ်စုက လူတိုင်းကို အချိန်မရွေး၊ နေရာမရွေး ဖမ်းဆီးစစ်ဆေးခွင့် ပေးထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ဩဇာခံ  မြန်မာသတင်းမီဒီယာကောင်စီ (MPC) ကလည်း စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားအတွက်ပဲ လုပ်ဆောင်နေပြီး မတရား ဖမ်းဆီးခံထားရဆဲ သတင်းသမား ၃၇ ယောက်နဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ကိုယ်စားပြု ကာကွယ်ပေးခြင်း မရှိတဲ့အတွက် MPC ရဲ့ မီဒီယာဆိုင်ရာ လုပ်ဆောင်မှုတွေနဲ့ အကျိုးဆက်တွေကို အသိအမှတ်မပြုဘဲ ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

MPC ကနေတဆင့် စစ်အုပ်စုက ရွေးကောက်ပွဲအစီအစဉ်ကို လွတ်လပ်မျှတနေသယောင် ပြသဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သတင်းအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာကောင်စီတွေဆီကို စည်းရုံးနေတာကလည်း မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအတွက် စိန်ခေါ်မှုကြီး ဖြစ်တယ်လို့လည်း IPCM က ဒေသတွင်းနဲ့ နိုင်ငံတကာက သတင်းမီဒီယာ မိတ်ဖက်တွေကို သတိပေးထားပါတယ်။

IPCM အနေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာဌာန ၄၀၊ တသီးပုဂ္ဂလ သတင်းသမားများ၊ မီဒီယာ ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များနဲ့ စုဖွဲ့ထားတဲ့ တရားဝင် သတင်းမီဒီယာကောင်စီဖြစ်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်၊ သတင်းရယူခွင့်နဲ့ မီဒီယာကျင့်ဝတ် စည်းကမ်းတွေကို လိုက်နာကျင့်သုံးရေးနဲ့ မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးရေးအတွက် လှုပ်ရှားဆောင်ရွက်နေ ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013