
ထိုင်းနိုင်ငံတဝန်း လောင်စာဆီ ချွေတာသုံးစွဲဖို့ အစီအမံတွေကို ထိုင်းအစိုးရက ထုတ်ပြန်ထားပြီး ချင်းမိုင်နဲ့ ဘန်ကောက်မှာ နေထိုင်ကြတဲ့ ထိုင်းရောက် မြန်မာတွေလည်း လိုက်နာဖို့ တိုက်တွန်း ပြောဆိုနေကြပါတယ်။
လက်ရှိ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်း မတည်ငြိမ်လာတာနဲ့အမျှ ထိုင်းအစိုးရက စွမ်းအင်ချွေတာရေး အစီအမံတွေကို မတ် ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းအစိုးရဌာနတွေနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေမှာ ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်ဖို့ Work from Home စနစ်ကို အသုံးပြုကြဖို့ တိုက်တွန်းထားပြီး ရုံးအတွင်း လျှပ်စစ်အသုံးပြုမှု လျှော့ချဖို့ လည်း ညွှန်ကြားထားပါတယ်။
ဘန်ကောက်မှာနေထိုင်သူ ကိုထွန်းက “စွမ်းအင်ချွေတာဖို့နဲ့ ပတ်သက်လို့ ထုတ်ထားတဲ့ ထုတ်ပြန်ချက် တွေကို မြန်မာအချင်းချင်း မျှဝေတာ တွေ့တယ်။ Work from home လုပ်မယ် ဆိုပြီးတော့ ကိုယ်တွေ ရုံးက သတ်မှတ်ထားတာ ရှိတယ်။ တပတ်ကို အရင်က ၅ ရက် အလုပ်လုပ်ရာကနေ အခု ၂ ရက်ပဲ WFH လုပ်ဖို့ သတ်မှတ်လိုက်တယ်။ White Collar အလုပ်ပေါ့။ ဒီဘက် General worker တွေမှာတော့ အထွေထူး ပြောင်းလဲသွားတာ မရှိဘူး။ ပုံမှန်သွားမြဲ လုပ်မြဲပေါ့” လို့ ပြောပါတယ်။
ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့မှာလည်း စက်သုံးဆီ ဝယ်ယူတဲ့အခါ ဆီဆိုင်အချို့မှာ ကန့်သတ်ချက် တချို့ ရှိလာပြီး ဓာတ်ဆီဆိုင် တချို့မှာ တကြိမ် ဝယ်ယူနိုင်တဲ့ ပမာဏကို ကန့်သတ်ထားကြောင်း ချင်းမိုင်မှာ နေထိုင်တဲ့ မြန်မာ အသိုက်အဝန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်းကလည်း ဆီဆိုင်အချို့မှာ တန်းစီဝယ်ယူရတာတွေ ရှိခဲ့ပြီး ဆိုင်အချို့မှာ လည်း ဒီဇယ်ဆီ ပြတ်လပ်တာတွေ ရှိခဲ့ပါတယ်။ မတ် ၂၀ ရက်ကတော့ ဆိုင်တွေမှာ ဆီကို တန်းစီ ဝယ်ရတာ သိပ်မရှိတော့ဘူးဆိုပါတယ်။
ချင်းမိုင်ရောက် မြန်မာတယောက်က “ဆီဝယ်တဲ့အခါဆိုရင် တို့တွေ လိုသလောက် ဝယ်လို့ မရ တော့တာ။ PTT, Bangchak တို့မှာဆိုရင် ဘတ် ၇၀၀ ဖိုး အများဆုံး ရောင်းပေးတော့တယ်။ အရင်တုန်းကလို တိုင်ကီ အပြည့်အလျှံထိ ဝယ်လို့ ရတယ်။ အခု ဝယ်မရတော့ဘူး။ သူတို့ရဲ့ ကန့်သတ်ချက် ရှိတယ်ပေါ့နော်။ အခုက သွားဖို့ လာဖို့ လမ်းတွေ ရွေးချယ် စဉ်းစားရတာပေါ့။ မဖြစ်မနေ သွားလာရမယ့် နေရာတွေဆိုရင် သွားတယ်။ သွားစရာ သိပ်မလိုဘူး။ အရေးမကြီးဘူး ဆိုရင် စွမ်းအင် ဆီ ချွေတာတဲ့အနေနဲ့ မသွားဘဲ နေလိုက်တာပေါ့” လို့ ပြောပါတယ်။
တဖက်မှာလည်း လူထုက စွမ်းအင်ချွေတာရေးကို ပါဝင်လာကြပြီး စာသင်ကျောင်းတွေမှာလည်း ကျောင်းက စီစဉ်ပေးတဲ့ ကြိုပို့ကားကို အဓိကထား ပြောင်းလဲစီးနင်းလာတယ်လို့ ချင်းမိုင် တက္ကသိုလ် ကျောင်းသူ မခင်က ပြောပါတယ်။
“နီးနီးနားနား နေရာတွေဆိုရင် လမ်းလျှောက်တယ်။ ဆိုင်ကယ် သိပ်မစီးဖြစ်ဘူး။ ကားဆိုရင်လည်း ဆီက ၅၀၀ ဖိုးလောက်ပဲ ထည့်ပေးတော့ လမ်းကြောင်းတူရင် စုသွားတာမျိုးပေါ့။ ကျောင်းက ကျောင်းသား ကျောင်းသူတွေဆိုရင် အရင်တုန်းက ကိုယ့်ဆိုင်ကယ်၊ ကိုယ့်ကားတွေနဲ့ သွားကြတယ်။ အခုဆိုရင် ကျောင်းက စီစဉ်ပေးတဲ့ ကျောင်းကားနဲ့ပဲ စုသွားကြတယ်။”
ထိုင်းစွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်အသုံးပြုမှု လျှော့ချရေးအတွက် အဲကွန်းကို ၂၆ မှ ၂၇ ဒီဂရီ စင်တီဂရိတ်အတွင်းသာ အသုံးပြုဖို့၊ မလိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေ ပိတ်ထားဖို့နဲ့ ဓာတ်လှေကား အသုံးပြုမှု လျှော့ချဖို့တို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိ ထိုင်းမှာ စားသောက်ကုန်တချို့လည်း ဈေးနှုန်း အနည်းငယ် မြင့်တက်တဲ့အတွက် ထိုင်းမှာ နေထိုင်ကြတဲ့ မြန်မာတွေ ချွေတာ သုံးစွဲကြဖို့ ထိုင်းရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက သတိပေး ထားပါတယ်။
ဇွဲသစ်










