DVB Logo
Home
မြန်မာသတင်း
The Central ကွန်ဒိုစီမံကိန်း လုပ်ငန်းဆက်လုပ်မည့် ထုတ်ပြန်ချက် ဝယ်ယူထားသူများ သံသယရှိ
DVB
·
October 8, 2026
Photo: The Central
Photo: The Central
Donate to DVB

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်မှာ တည်ရှိတဲ့ လက်ရှိမှာ စစ်ဆေးခံနေရတဲ့ The Central စီမံကိန်းဟာ ကတိအတိုင်း ဆက်လက်တည်ဆောက်သွားမယ်လို့ အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပေမဲ့ အခန်းဝယ်ယူထားသူတွေက သံသယနဲ့ စိုးရိမ်ပူပန်မှုတွေ ဆက်လက်ရှိနေဆဲလို့ ဝယ်ယူထားကြသူတွေက ပြောပါတယ်။

Marga Landmark ကတော့ လက်ရှိ စုံစမ်းစစ်ဆေးခံရမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ သူတို့ဟာ ဥပဒေနဲ့အညီ တရားဝင်လည်ပတ်နေတဲ့ လုပ်ငန်းဖြစ်ပြီး မသမာမှု ကျူးလွန်ထားခြင်း မရှိကြောင်း ထုတ်ပြန်ထားတဲ့အပြင် စုံစမ်းစစ်ဆေးမှုတွေကြောင့် Customer Database အပါအဝင် အတွင်းပိုင်းစနစ်တချို့ ယာယီကန့်သတ်ခံထားရတဲ့အတွက် အိမ်ခန်းပိုင်ရှင်တွေနဲ့ ဆက်သွယ်ရာမှာ အခက်အခဲရှိနေတဲ့အတွက် နောက်ပိုင်းကျရင်တော့ အိမ်ခန်းပိုင်ရှင် တယောက်ချင်းစီထံ သီးခြားစီ ဆက်သွယ် ဖြေရှင်းပေးမယ်လို့ ထည့်သွင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အခန်းဝယ်ထားသူတယောက်က “ပြီးစီးနိုင်တဲ့အချိန်ကို ဘယ်အချိန် ဘယ်ကာလလို့ မပြောတဲ့ ထုတ်ပြန်ချက်မို့ အယုံအကြည် မရှိပါဘူး” လို့ ပြောပါတယ်။

နောက်ထပ် ဝယ်ယူထားသူတယောက်ကလည်း “နှစ်ချီနေပါပြီ။ အကြိမ်ကြိမ် ရွှေ့ဆိုင်းနေတာ။ အခု လိုင်းပေါ်မှာ ဆူညံတော့မှ စသုံးလုံးက ဝင်စစ်ခဲ့တာ” လို့ ပြောပါတယ်။

လက်ရှိမှာ ဝယ်ယူထားသူတွေဘက်က သတင်းစာထဲကနေ The Central ကွန်ဒိုစီမံကိန်းနဲ့ ပတ်သက်ပြီး နစ်နာမှုတွေကို ဥပဒေကြောင်းအရ ရှေ့နေတွေနဲ့ ကြေညာတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

စီမံကိန်းဘက်ကတော့ အပြီးသတ်တည်ဆောက်ဖို့ ရည်ရွယ်ချက်မရှိ ဆိုတဲ့ စွပ်စွဲချက်တွေကို လုံးဝမဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး လက်ရှိမှာ R8A အဆောက်အအုံမှာ ၈ ထပ်မြောက် Superstructure အထိ ရောက်ရှိနေပြီဖြစ်ကာ R3B (Piling ၅၀ ရာခိုင်နှုန်း ပြီးစီး) နဲ့ SOHO အဆောက်အအုံတွေအတွက်လည်း ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ်တွေ ချမှတ်ထားကြောင်း ဖြေရှင်းချက်ထည့်ထုတ်ထားပါတယ်။

ဆောက်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်သူတယောက်က “စသုံးလုံး ဝင်စစ်တာက အဖြေမမှန်ဘူး။ ချိပ်ပိတ်တာကလည်း နည်းလမ်းမကျဘူး။ ချိပ်ပိတ်ပြီး တရားတဘောင်ဖြစ်ကြရင် ကုမ္ပဏီအကြိုက် ဖြစ်တော့မှာပေါ့” လို့ ပြောပါတယ်။

အဆိုပါစီမံကိန်းရဲ့ မူလအစဟာ ၂၀၁၄ ခုနှစ် ဝန်းကျင်က ရွှေတိဂုံစေတီတော်နဲ့ ဦးထောင်ဘို အဝိုင်းနားမှာ Dagon City 1 အိမ်ရာစီမံကိန်းအဖြစ် စတင်ကြော်ငြာခဲ့တဲ့ စီမံကိန်းဖြစ်ပြီး ရွှေတိဂုံစေတီနားဖြစ်တဲ့အတွက် ကန့်ကွက်မှုတွေကြောင့် ဖျက်သိမ်းခဲ့ရတဲ့ စီမံကိန်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာ The Central နေရာဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်ရှိ မြေ ၁၇ ဧကကျော်ကို အစားထိုးရခဲ့ပြီး Marga Landmark နာမည်နဲ့ ၂၀၁၇ ခုနှစ်မှစတင်ပြီး Central Development စီမံကိန်းကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

Marga Landmark ဟာ ပြည်ပအပါအဝင် မြန်မာပြည်က သုခရတနာကုမ္ပဏီနဲ့ ၇၀ ရာခိုင်နှုန်း အချိုး ၃၀ ရာခိုင်နှုန်းနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပြီး ပါဝင်သူတွေရဲ့ အမည်တွေကို အထူးလျှို့ဝှက်ထားကြတာကိုလည်း တွေ့ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013