DVB Logo
Home
မြန်မာသတင်း
စစ်တပ်လုပ်မည့် ရွေးကောက်ပွဲစနစ်ကို နိုင်ငံရေးပါတီများ နားမလည်
DVB
·
August 5, 2025
စစ်တပ်လုပ်မည့် ရွေးကောက်ပွဲစနစ်ကို နိုင်ငံရေးပါတီများ နားမလည်
Donate to DVB

အာဏာသိမ်းစစ်တပ်က ဒီနှစ်အကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်သူအကုန်ယူ စနစ်နဲ့ရော အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်နဲ့ပါ ပေါင်းစပ်ပြီး ကျင်းပမှာဖြစ်တာကြောင့် အဲဒီရွေးကောက်ပွဲစနစ်ကို ရှင်းရှင်းလင်းလင်း နားမလည်ကြသေးဘူးလို့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကြားမှာတောင် အဲဒီစနစ်နဲ့ပတ်သက်ပြီး နားလည်ဖို့ ခက်ခဲနေတာကြောင့် ရွေးကောက်ပွဲမှာ မဲပေးရွေးချယ်ကြမယ့် ပြည်သူတွေအနေနဲ့ မှန်မှန်ကန်ကန် မဲပေးနိုင်ရေးဟာလည်း စိန်ခေါ်မှုကြီးကြီးမားမား ရှိနေတယ်လို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် လက်မှတ်ရေးထိုးပြီး ၆ ကြိမ်မြောက် ပြင်ဆင်လိုက်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွေထဲမှာ ပြည်သူ့လွှတ်တော်ကို နိုင်သူအကုန်ယူစနစ်နဲ့ ကျင်းပပြီး အရင်က ရွေးကောက်ပွဲတွေအတိုင်း မဲဆန္ဒနယ်မြေတွေမှာ လူပုဂ္ဂိုလ်ကို ရွေးချယ်ပြီး မဲပေးရမှာပါ။

ဒါပေမဲ့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေမှာတော့ နိုင်သူအကုန်ယူစနစ်နဲ့ရော အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်နဲ့ပါ ကျင်းပမှာ ဖြစ်တာကြောင့် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကိုရော ပါတီကိုပါ မဲပေးရွေးချယ်ရမှာပါ။

အချိုးကျကိုယ်စားပြုစနစ်အတွက် ရွေးချယ်ကြတဲ့အခါမှာ အရင်ကလို မဲဆန္ဒနယ်မြေတွေအတိုင်း မဟုတ်တော့ဘဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုလုံးက မဲတွေကို ရေတွက်ပြီး အချိုးကျခွဲဝေမှာ ဖြစ်ပေမဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေကို ဘယ်လိုသတ်မှတ်မလဲဆိုတဲ့ တိကျရှင်းလင်းမှုတွေကိုတော့ နည်းဥပဒေထွက်လာမှ သိနိုင်မယ်လို့လည်း နိုင်ငံရေးပါတီတွေက ပြောပါတယ်။

အခု စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲစနစ်ဟာ ရှုပ်ထွေးမှုတွေရှိနေပြီး အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်မှာသာ ကျင်းပသင့်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရှိန်းထွန်းက ထောက်ပြပါတယ်။

စစ်ခေါင်းဆောင် ပြင်ဆင်လိုက်တဲ့ အဲဒီဥပဒေထဲမှာ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒရှင် ပြည်သူတွေအပေါ် ကိုယ်စားပြုမှုတွေ၊ တာဝန်ခံမှုတွေ မတူညီတော့တာကြောင့် လွှတ်တော်အတွင်း အခြေအနေတွေမှာလည်း ရှုပ်ထွေးတဲ့ ပြဿနာတွေလည်း ရှိလာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့ အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီရွေးကောက်ပွဲစနစ်ကြောင့် လတ်တလော အခက်အခဲကြုံရမယ့် ပြဿနာဟာ အီလက်ထရောနစ်စနစ်နဲ့ မဲပေးရွေးချယ်ဖို့ လူထုကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနိုင်မှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေသလို ဥပဒေပါ အချက်အလက်တွေမှာလည်း လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

အခုပြင်ဆင်လိုက်တဲ့ ဥပဒေတွေထဲမှာ ဘာသာရေးဆရာတွေရဲ့ မဲပေးခွင့်ကို ကန့်သတ်လိုက်သလို ကြိုတင်မဲတွေကိုလည်း အရင်ကလို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှ ရေတွက်တာမျိုး မလုပ်တော့ဘဲ ရွေးကောက်ပွဲနေ့မတိုင်မီ တရက်အလိုမှာ ရေတွက်ပြီး မဲရလဒ်ကို ကြေညာရမှာပါ။

အဲဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ မှတ်ပုံတင်ထားတဲ့ ပါတီ ၅၇ ပါတီရှိပြီး တနိုင်ငံလုံးအဆင့် ဝင်ပြိုင်မယ့် ပါတီက ၉ ပါတီသာရှိပြီး ကျန်ပါတီအားလုံးက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကိုသာ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013