
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် PNO က စစ်အသုံးစရိတ်အတွက် တအိမ် ၅ သိန်းကောက်ခံနေတာကြောင့် ပြည်သူတွေ အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၃၀ ရက်က စတင်ကောက်ခံနေပြီး သြဂုတ် ၁၅ ရက် နောက်ဆုံးထား အကုန်လုံးထည့်ပေးဖို့ ပြောထားတယ်လို့ ရွာခံတယောက်က ပြောပါတယ်။
“ရွာသားတွေက စစ်ဘေးရှောင်ပြီး ပြန်လာတာ မကြာသေးဘူး ငွေကောက်နေပြီ။ စစ်အသုံးစရိတ် ပြောတာပဲ အကုန်လုံး မထည့်နိုင်ကြဘူး။”
ဒါ့အပြင် နန်းတုတ်ကျေးရွာထဲမှာ တပ်စွဲနေထိုင်တဲ့ PNO ပြည်သူ့စစ်ကို ရွာသားတွေက နေ့စဉ် အလှည့်ကျ ထမင်းချက်ပေးနေရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “PNO က ကျေးရွာကို ကာကွယ်ပေးမယ်ဆိုပြီး လာနေနေတာ၊ သူတို့လာနေတော့ ရွာသားက ကြောက်ရတယ်။ သူတို့ကို ပိုက်ဆံလည်း ပေးရတယ်။ သူတို့ကိုလည်း နေ့တိုင်း ထမင်းချက်ကျွေးရတယ်။ ရွာသားတွေအတွက်တော့ သူတို့လာနေနေတာကို အဆင်မပြေမှုပိုဖြစ်စေတယ်” လို့ ပြောပါတယ်။
စစ်ရှောင်ရာမှ အိမ်ပြန်ရောက်လာသော ဒေသခံတွေကိုလည်း PNO ပြည်သူ့စစ်က စပါး၊ ပဲပုတ်ပင် တို့ကိုသာ စိုက်ပျိုးခွင့်ပြုထားပြီး ပြောင်းနဲ့ နေကြာကိုတော့ မြင်ကွင်း ပိတ်တယ်ဆိုကာ စိုက်ပျိုးခွင့်မပြုကြောင်း ရွာသားတွေက ပြောပါတယ်။
အိမ်ခြေ ၂၀၀ နီးပါး၊ လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ နန်းတုတ်ကျေးရွာမှာ ပအိုဝ်းနဲ့ အင်းတိုင်းရင်းသားတွေ အများစုနေထိုင်ကြတယ်လို့ သိရပါတယ်။











