
စစ်မှုထမ်းအပတ်စဥ် ၁၃ မှာ ဗထူးတပ်မြို့ ဗိုလ်သင်တန်းကျောင်းက သင်တန်းဆင်းခဲ့တဲ့ ဗိုလချုပ်ကြီး ရဲဝင်းဦးရဲ့သား ရဲထက်နောင်ကို သြဂုတ် ၁ ရက်က စဆတ လို့ခေါ်တဲ့ စက်သုံးဆီထိန်းသိမ်းရေးတပ်ခွဲကို ပို့လိုက်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
သင်တန်းဆင်း တပ်သားသစ်တွေကို ရှေ့တန်းပို့သော်လည်း ရဲထက်နောင်မှာ ဗိုလ်ချုပ်ကြီးသား ဖြစ်တဲ့အတွက် လက်ရုံးတပ် ၆၆ တပ်ထဲမှ ကြိုက်နှစ်သက်ရာ လက်ရုံးတပ်ကို ရွေးချယ်တာဝန်ထမ်းဆောင်ခိုင်းတာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“အခြားတပ်သားသစ်တွေကို ကရင်၊ ရခိုင်နဲ့ ကခင်ပြည်က ခြေလျင်၊ ခြေမြန်တပ်တွေပို့တာ။ ရဲထက်နောင်ကို ကျောင်းအုပ်ကြီးက လက်ရုံးတပ် ၆၆ တပ်ထဲက ဘယ်တပ်သွားချင်လဲ ဝင်ငွေရတဲ့တပ် ၉ ခုလောက် နာမည်ရွတ်ပြတယ်၊ သူက စဆတ ကို ရွေးလိုက်တယ်၊ စက်သုံးဆီထိန်းသိမ်းရေးတပ်။”
ဇူလိုင် ၃၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဗထူးတပ်မြို့ ဗိုလ်သင်တန်းကျောင်းမှာ ပြုလုပ်တဲ့ အပတ်စဥ် ၁၃ သင်တန်းဆင်းပွဲကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နဲ့ ဇနီးဒေါ်နီလာ တို့ တက်ရောက်ခဲ့ပါတယ်။
သင်တန်းဆင်းတပ်သားသစ်ထဲမှာ စစ်ဘက်မှ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးတွေနဲ့ ပတ်သက်သူတွေကို ရှေ့တန်းမပို့ဘဲ အလုပ်အကိုင်နည်းပါတဲ့ တိရစ္ဆာန်ထိန်းသိမ်းရေးတပ်ခွဲ၊ ကြံစိုက်ပျိုးရေးတပ်၊ ကျန်းမာရေးနှင့်ရောဂါနှိမ်နင်းရေးတပ်နဲ့ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းတွေကို ပို့တာလို့ သင်တန်းကျောင်းနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“အရာရှိသားသမီးတွေ စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်တဲ့သူတွေဆို ရှေတန်းပို့လို့မရဘူး။ ကစရ၊ တဆပ၊ ကရတနဲ့ တမရ ကို ပို့ရတာ။ ကစရ ဆိုတာ ကြံစိုက်ပျိုးရေးတပ်၊ တဆပ က တိရစ္ဆာန်ထိန်းသိမ်းရေးတပ်ခွဲ၊ ကရတ က ကျန်းမာရေးနဲ့ရောဂါနှိမ်နင်းရေးတပ်၊ တမရ က တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်း။”
လူတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆိုအပတ်စဥ် ၁၇ အထိ ရောက်လာပြီဖြစ်ပါတယ်။










