DVB Logo
Home
Lead Story
တပ်ချုပ် ရဲဝင်းဦးနှင့် ထိုင်းကာကွယ်ရေးဝန်ကြီးတို့တွေ့ဆုံ၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေး ဆွေးနွေး 
DVB
·
August 20, 2026
Photo: Thai MOD Spokesperson office
Photo: Thai MOD Spokesperson office
Donate to DVB

ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာစစ်အာဏာရှင်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး အဒူးလ် ဘွန်သမ်ချာရိုယန်တို့ သြဂုတ် ၁၉ ရက်က တွေ့ဆုံပြီး ၂ နိုင်ငံ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ပူးပေါင်းနှိမ်နင်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့  ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပါတယ်။

၉ ကြိမ်မြောက် ၂ နိုင်ငံအဆင့်မြင့်ကော်မတီ (HLC) အစည်းအဝေးမှာ ၇၈ နှစ်မြောက် သံတမန်ဆက်ဆံရေးရှိခဲ့တဲ့ ထိုင်းနဲ့ မြန်မာတို့အကြား ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုမြှင့်တင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတာပါ။

နှစ်ဖက်စလုံးက နယ်စပ်တလျှောက် တည်ငြိမ်ရေးနဲ့ လုံခြုံရေး ပိုမိုခိုင်မာလာစေဖို့ အဓိကထား ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံအနေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် တပ်ရင်း/တပ်ဖွဲ့မှူးတွေအကြား အပြန်အလှန် ခရီးစဉ်တွေ စေလွှတ်တာ၊ ပူးတွဲကင်းလှည့်တာ၊ နယ်ခြားကော်မတီတွေဖြစ်တဲ့ HLC, RBC နဲ့ TBC အပါအဝင် ၂ နိုင်ငံ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတွေကနေ တဆင့် ပြဿနာတွေကို ပူးတွဲဖြေရှင်းဖို့ ၂ နိုင်ငံ စစ်တပ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိတယ်လို့  ထိုင်းဘက်က ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်တလျှောက် တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပြီး နယ်စပ်ဒေသကို နှစ်ဖက်စလုံးက ပြည်သူတွေ ဘေးကင်းလုံခြုံစွာဖြင့် ပုံမှန်နေထိုင်နိုင်တဲ့ "ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဇုန်" ဖြစ်လာစေဖို့ ရည်ရွယ်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတတယ်။

တခြားအရေးကြီးကိစ္စအဖြစ် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ပူးတွဲဖြေရှင်းဖို့၊ အထူးသဖြင့် ကောလ်စင်တာနဲ့ လိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်းတွေ၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ပူးပေါင်းဖလှယ်ဖို့ သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုကိစ္စတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး  ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ နှစ်ဖက်စလုံးက စီးပွားရေး ပြန်လည်ဦးမော့လာစေရေးနဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ပြည်သူတွေရဲ့ စီးပွားရေးနဲ့ ဝင်ငွေတိုးတက်စေဖို့ နယ်စပ်ဂိတ်တွေကို သင့်တော်သလို ဖွင့်လှစ်ပေးရေး တို့ကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီယံ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် မြန်မာစစ်အာဏာရှင်ကို အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းမှာ ပါဝင်နိုင်ရေး လမ်းဖွင့်ပေးနိုင်ရေး ကူညီပေးဖို့ အသင့်ရှိကြောင်း ထိုင်းနိုင်ငံက ပြန်လည်အတည်ပြုခဲ့ပါတယ်။

မြန်မာတပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ပြုလုပ်မဲ့ ၂ နိုင်ငံ အဆင့်မြင့်ကော်မတီ အစည်းအဝေးတွေကို တက်ရောက်ဖို့ ဘန်ကောက်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး ထိုင်းဘုရင့်တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် အုကရစ်ဘွန်တာနွန် နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဒီခရီးစဉ်ဟာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အနေနဲ့ မတ် ၃၀ ရက်က စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ နေရာမှာ အစားထိုး တာဝန်ယူခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဘန်ကောက်မြို့ကို ရောက်ရှိတဲ့ရက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီဘက်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး ထိုင်းဘက်ကို လက်နက်ကျည်တွေ ကျရောက်ခဲ့လို့ ထိုင်းပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာလည်းရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013