
စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က ပြည်နယ်နဲ့တိုင်း ၉ ခုရှိ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေအဖြစ် ဧပြီ ၂၃ ရက်မှာ ဆက်ကြေညာပြီး အဲဒီနယ်မြေတွေမှာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့ စစ်တပ် ခေါင်းဆောင်ကို တာဝန်ပေးလိုက်ပါတယ်။
လက်ရှိ စစ်တပ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ရဲဝင်းဦးကလည်း အဲဒီနယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ဖို့ စစ်တိုင်းမှူးတွေကို ဆက်တာဝန်ပေးပါတယ်။
အရေးပေါ်အခြေအနေ ကြေညာတဲ့ မြို့နယ်တွေကတော့ ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်မြို့နယ်၊ ရွှေကူမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်နဲ့ ချီဖွေမြို့နယ်၊ ကယားပြည်နယ်က ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်နဲ့ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်က ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချင်းပြည်နယ်က ကန်ပက်လက်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နဲ့ ဖလမ်းမြို့နယ် တို့ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ပုလဲမြို့နယ်နဲ့ အင်းတော်မြို့နယ်၊ မကွေးတိုင်းမှာတော့ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်နဲ့ ရေစကြိုမြို့နယ်၊ မန္တလေးတိုင်းက ငါန်းဇွန်မြို့နယ်တို့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တို့ ဖြစ်ပါတယ်။
ပြီးတော့ ရှမ်းပြည်နယ်က နမ္မတူမြို့နယ်၊ မဘိမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ ဟိုပန်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နဲ့ မိုင်းလားမြို့နယ်တို့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က အများဆုံးဖြစ်ပြီး မင်းအောင်လှိုင်က အရေးပေါ်အခြေအနေကို ရက်ပေါင်း ၉၀ လို့ သတ်မှတ်ထားပါတယ်။
ဒီမြို့နယ်တွေဟာ စစ်တပ်လုံးဝ လက်လွှတ်ထားရတဲ့ ဒါမှမဟုတ် တစိတ်တပိုင်းပဲထိန်းချုပ်နိုင်တော့တဲ့ မြို့နယ်တွေဖြစ်ပြီး အမှုတွေကို စစ်တရားရုံးနဲ့ တရားစီရင်မှာဖြစ်လို့ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်နဲ့ သက်ဆိုင်ရာ အမှုအလိုက် အမြင့်ဆုံးဒဏ်တွေကို ချမှာဖြစ်ပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က တော်လှန်ရေးတပ်တွေကို ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောပြီး ရက်ပိုင်းအတွင်းမှာပဲ မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်လိုက်တာပါ။
ဧပြီ ၂၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီစစ်အုပ်ချုပ်ရေးအမိန့်ဟာ ရက်ပေါင်း ၉၀ သက်တမ်းရှိပြီး အဲဒီထဲမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေဆဲ တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးသိမ်းပိုက်ထားတဲ့မြို့နယ်တွေပါသလို စစ်တပ်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် MNDAA တို့ရဲ့ နယ်မြေတွေလည်းပါဝင်ပါတယ်။










