
ကမ္ဘောဒီးယားနဲ့ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဇူလိုင် ၂၆ ရက်မှာ ထိုင်းနိုင်ငံ ဆီဆာကတ်နယ် ကန်သာရာလတ်ခရိုင်မှာရှိတဲ့ မြို့ တမြို့မှာ လူတွေမရှိသလောက်ဖြစ်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အဲ့ဒီမြို့ရဲ့ ဟိုတယ်မှာ အလုပ်လုပ်နေတဲ့ ၃၁ နှစ်အရွယ် ဒေသခံတယောက်က “ လူတွေအားလုံးနီးပါး ဘေးလွတ်ရာကို ပြေးကြလို့ ဒီမှာ လူမရှိသလောက်ဖြစ်နေပါတယ်။ ကျနော်တို့ ဟိုတယ်ကတော့ နယ်စပ်နဲ့ပိုနီးတဲ့သူတွေ တည်းခို ဖို့လိုအပ်ရင် တည်းနိုင်အောင် ဖွင့်ထားပါတယ်”လို့ ရိုက်တာကို ပြောပါတယ်။
ထိုင်းနယ်စပ် ပစ်ခတ်မှုတွေဟာ ကြာသပတေးနေ့မှာ စတင်ခဲ့တာဖြစ်ပြီး စနေနေ့မှာတော့ ၂ ဖက်စလုံးက သံတမန်နည်းနဲ့ ဖြေရှင်းမယ့် ပုံစံပြောဆိုလာတယ်လို့လည်း ရိုက်တာက ဖော်ပြ ပါတယ်။
၂ နိုင်ငံစလုံးဟာ ကိုယ့်နိုင်ငံကိုယ်ကာကွယ်တာဖြစ်ပြီး တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ တိုက်ခိုက်မှုဟာ အရှေ့တောင်အာရှမှာ ၁၃ နှစ် အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ပြီး လူ ၃၀ ထက်မနည်း သေဆုံးထားကာ လူပေါင်း ၁၃၀,၀၀၀ ကျော် စစ်ဘေး ရှောင်နေရပါတယ်။
ထိုင်းရေတပ်ရဲ့ ပြောကြားချက်အရ စနေနေ့မှာ ကမ်းခြေဒေသတွေမှာပါ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မေလကတည်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီတုန်းက ကမ္ဘောဒီးယားစစ်သား တယောက် သေဆုံးခဲ့ပြီး ၂ နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့ပါတယ်။
စနေနေ့ ထုတ်ပြန်ချက်တွေ အရ ထိုင်းနိုင်ငံမှာ လူသေဆုံးမှု ၁၉ ယောက် အထိ ရှိပြီး ကမ္ဘောဒီးယားဘက်က စစ်သား ၅ ယောက်နဲ့ အရပ်သား ၈ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source:Reuters










