
ကမ္ဘောဒီးယားနဲ့ ထိုင်း ၂ နိုင်ငံနယ်စပ်တိုက်ပွဲတွေအတွင်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ထိုင်းစစ်သည်မိသားစုတွေအတွက် လျော်ကြေးငွေ ဘတ် ၁၀ သန်းအထိ ပေးအပ်သွားဖို့ အစိုးရအဖွဲ့ဆီ အဆိုပြုတင်ပြထားတဲ့အကြောင်း Khaosod သတင်းမှာ မတ် ၃၀ ရက်က ဖော်ပြပါတယ်။
ထိုင်းဘုရင့်တပ်မတော်အနေနဲ့ လျော်ကြေးနဲ့ လူမှုဖူလုံရေး အထောက်အပံ့တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနေသလို တပ်မတော်အနေနဲ့ မိမိတို့စစ်သည်တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ မိသားစုဝင်တွေ အပြည့်အဝ ထောက်ပံ့မှုရရှိစေဖို့ ကတိကဝတ်ပြုထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း သုဝါရီက ပြောလိုက်တာပါ။
ဒါ့အပြင် တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်အာဏာအောက်ကနေ ဘုရင့်ကူညီထောက်ပံ့ရေး ရန်ပုံငွေတွေ၊ စစ်ဘေးအန္တရာယ် လျော်ကြေးတွေနဲ့ အထူးပင်စင်တွေ အပါအဝင် အကျိုးခံစားခွင့်တွေကို ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုတွေဆီ ပေးအပ်ပြီးကြောင်းလည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ဆင်ရေးကာလမှာ ကျဆုံးခဲ့ရတဲ့ စစ်သည်တွေအတွက် ပေးအပ်မဲ့ ဘတ် ၁၀ သန်း အပါအဝင် အစိုးရဆီက ထပ်ဆောင်း ထောက်ပံ့မှုတွေကတော့ လက်ရှိမှာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တပ်မတော်အနေနဲ့ အခုနှစ် ဇန်နဝါရီလကတည်းက စာရွက်စာတမ်း အထောက်အထားတွေ ပြုစုပြီး ဗဟိုဘတ်ဂျက်ကနေ အတည်ပြုချက်ရယူဖို့ ဘတ်ဂျက်ဗျူရိုဆီ တင်ပြထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီအဆိုပြုချက်ကို ဝန်ကြီးချုပ်ဆီ မတင်ပြခင် ပြန်လည်စစ်ဆေးနေပြီး နောက်မှသာ နောက်ဆုံးအတည်ပြုချက် ရယူဖို့အတွက် အစိုးရအဖွဲ့ဆီ ပေးပို့သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စစ်သည်တွေရဲ့ လူမှုဖူလုံရေးနဲ့ အကျိုးခံစားခွင့်တွေကို ဦးစားပေး ဆောင်ရွက်နေကြောင်းနဲ့ အဆင့်ဆင့်သော တပ်မှူးတွေ အနေနဲ့လည်း ကျဆုံးစစ်သည်မိသားစုတွေကို မိမိတို့ရဲ့ မိသားစုဝင်တွေလို သဘောထားကာ အနီးကပ် လိုက်လံကူညီပေးကြဖို့ ညွှန်ကြားထားကြောင်း ဝင်းထိုင်းက ပြောလိုက်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ပိုင်နက်အငြင်းပွားရာကတဆင့် ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပဋိပက္ခတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှာ စတင်ကာ တိုက်ပွဲ အရှိန်အဟုန်ပြင်းထန်လာခဲ့ပြီး ဇူလိုင် ၂၈ ရက်မှာ ခေတ္တအပစ်အခတ်ရပ်စဲခဲ့ပေမဲ့ ဒီဇင်ဘာလမှာတော့ တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်နေခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီလအထိ ရရှိထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ လူ ရာနဲ့ချီ သေဆုံးခဲ့ရပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသတွေအတွင်း နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်ရသူ သိန်းနဲ့ချီ ရှိခဲ့တာပါ။
Source: Khaosod










