DVB Logo
Home
နိုင်ငံတကာ
နယ်စပ်တိုက်ပွဲ၌ ကမ္ဘောဒီးယားစစ်သည် ၅၀၀ ကျော် ကျဆုံးဟု ထိုင်းတပ်မတော်ပြော 
DVB
·
December 16, 2025
နယ်စပ်တိုက်ပွဲ၌ ကမ္ဘောဒီးယားစစ်သည် ၅၀၀ ကျော် ကျဆုံးဟု ထိုင်းတပ်မတော်ပြော 
Donate to DVB

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှု တိုက်ပွဲ ၈ ရက်မြောက်နေ့မှာ ကမ္ဘောဒီးယားဘက်က စစ်သား ၅၀၅ ယောက် ကျဆုံးခဲ့ကြောင်း  ထိုင်းတပ်မတော် (ကြည်းတပ်) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီဇင်ဘာ ၈ ရက်မှ  ၁၅ ရက်ထိ ၈ ရက်တာ တိုက်ပွဲတွေအတွင်း ကမ္ဘောဒီးယားစစ်တပ် ခြေကုပ်စခန်းပေါင်း ၈၂ နေရာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကမ္ဘောဒီးယားစစ်သည် ၅၀၅ ယောက် ကျဆုံးသွားကြောင်း ထိုင်းတပ်မတော် (ကြည်းတပ်) ဒုတိယ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး ရစ်ချား ဆုခ်ဆုဝါနွန်းက  ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းသတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒါဟာ သူတို့ဘက်က လက်လှမ်းမီတဲ့သတင်းအရ သိရတဲ့အရေအတွက်သာဖြစ်ကြောင်း၊  တိုက်ပွဲအတွင်း ကမ္ဘောဒီးယားစစ်တပ်ရဲ့ BM-21 ဒုံးကျည်တခု၊ တင့်ကား ၁၂ စီး၊ စစ်လက်နက်တင်ကား ၁၀ စီး၊ တာဝေးပစ်လက်နက်ကြီး ၇ လက်၊ ဒရုန်းဖျက်ကရိယာ ၅ ခု၊ ဒရုန်း ၁၇၅ စင်းတို့ကို သိမ်းဆည်းရမိပြီး ဆက်သွယ်ရေးဧရိယာတိုင် ၅ တိုင်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့  ဆိုပါတယ်။ 

ကမ္ဘောဒီးယားဘက်ကတော့  ထိုင်းနိုင်ငံက ထုတ်ပြန်တဲ့စာရင်းဟာ မှန်ကန်မှုမရှိဘူး၊ သူတို့ဘက်က စစ်သည် ၇ ယောက်သာကျဆုံးပြီး ဒဏ်ရာရသူမှာလည်း ၅၀ ကျော်သာရှိတယ်၊ ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားပြည်သူတွေကိုပါ ပစ်ခတ်တယ်။ ရင်ခွင်ပိုက်ကလေးအပါအဝင် ပြည်သူ ၁၁ ယောက် သေ ဆုံးခဲ့ရတယ်လို့ ကမ္ဘောဒီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူ မာလီဆိုကျေးဒါးက တန်ပြန် ပြောဆိုပါတယ်။

ထိုင်းကြည်းတပ်ဘက်ကတော့ တိုက်ပွဲတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာစည်းမျဉ်းစည်းကမ်း အတိုင်း လိုက်နာဆောင်ရွက်တယ်၊ ဒီတိုက်ပွဲဟာ နှစ်ဘက်နိုင်ငံက ပြည်သူတွေနဲ့ မဆိုင်ဘူး၊ နှစ်ဘက်ပြည်သူတွေက အိမ်နီးချင်း ကောင်းပီသစွာ အတူတကွယှဉ်တွဲနေထိုင်ကြတယ်။ ဒီတိုက်ပွဲ တွေဟာ ဟွန်ဆန်နဲ့ အပေါင်းပါတွေကြောင့်ပဲ ဖြစ်လာရတယ်၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးရတယ်။  ထိုင်းနိုင်ငံအနေနဲ့ ထိခိုက်ဒဏ်ရာရပြည်သူတွေကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ စောင့်ရှောက်ကုသပေးနေတယ်လို့  ပြောပါတယ်။ 

၈ ရက်တာ တိုက်ပွဲအတွင်း ထိုင်းဘက်က စစ်သည် ၁၇ ယောက်ကျဆုံးပြီး  ၃၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆုံး ကျဆုံးသွားတဲ့ စစ်သည်ကတော့ ဒီဇင်ဘာ ၁၅ ရက်နေ့က ဆူရင်းခရိုင် ဖနုန်ဒုန် ရတ်မြို့နယ်က တိုက်ပွဲမှာ ကျည်သင့်ဒဏ်ရာရပြီး ကျဆုံးသွားတာလို့ ဆိုပါတယ်။ 

ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်မှာလည်း ချောင့်အန်မ၊ ချောင့်ဘုတ်၊ ဆတ်တဆူမ်၊ ဖရဝိဟာရ ‌ဟွေ့တာမာလေး၊ ဖူးမခေ၊ ချော့ကျွမ်၊ ပရဆတ် ( ဘုရားကျောင်း ) ခနား၊ ပရဆတ် (ဘုရားကျောင်း) တာခွိုင်း နဲ့ ပွိုင့် ၃၅၀ တောင်ပေါ်မှာ ၉ ရက်မြောက် တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲလို့  အမှတ် ၂ တိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။ 

ကမ္ဘောဒီးယားဘက်က အပစ်ခတ်ရပ်စဲရေး ဆွေးနွေးလိုကြောင်း  လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြတယ်။

အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှုဟာ ကာယကံရှင် နှစ်နိုင်ငံပေါ်မှာသာ မူတည်ပြီး ကမ္ဘောဒီးယားအနေနဲ့ အမှန်တကယ်အပစ်ခတ်ရပ်လိုပါက လက်တွေ့ပြသဖို့ လိုတယ်လို့ ထိုင်းဘက်က ပြောပါတယ်။

နံပါတ်တစ် ၁ အချက် အပစ်ခတ်ရပ်ကြောင်း ကြေညာရမယ်၊  ၂ အချက် အမှန်တကယ် အပစ်ခတ်ရပ်ရမယ်၊ ဆက်တိုက် ရပ်ရမယ်၊ ၃ အချက် မြေမြှုပ်မိုင်းရှင်းလင်းရေး အတူတကွ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နိုင်းနိကွဏ်းတေချ ဖလန်းကွန်းက  ဒီဇင်ဘာ ၁၅ မှာ ထုတ်ပြန်ပြောပါတယ်။ 

Source: TOP News / MGROnline 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013