
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ ဇူလိုင် ၂၅ ရက်နေ့ညနေပိုင်းက အဓမ္မ စစ်မှုထမ်းခိုင်းခံနေရသူတယောက် သေနတ်နဲ့ပစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အ.ထ.က ၁ ကျောင်ကြီးအနီး တမံကြီးစစ်ဆေးရေးဂိတ်မှာတာဝန်ကျနေတုန်း ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်ခဲ့တာဖြစ်ပြီး တမံကြီးလမ်းပိုင်းကို ခေတ္တပိတ်ထားပြီးနောက် အလောင်းကို အချိန်အတော်ကြာမှ လူနာတင်ကားနဲ့ လာရောက်သယ်ယူသွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်သူဒေသခံတယောက်က “စစ်မှုထမ်းပေါ်တာအဆွဲခံထားရပြီး စစ်တပ်ထဲက ပြေးမရလို့ ခုလိုဖြစ်သွားတာ။ စစ်သားသေတဲ့သတင်းကတော့ ဟုတ်တယ်။ လမ်းတွေပိတ်ပြီး သူ့အလောင်းကိုပြန်လာသယ်သွားပြီ” လို့ ပြောပါတယ်။
အခင်းဖြစ်ပွားပြီး ခရမ်းမြို့ စီမံအဖွဲ့က စစ်ကောင်စီ ဗိုလ်တယောက်နဲ့ နောက်လိုက်တွေပါလာတဲ့ အိမ်စီးကား ၂ စီး ရောက်လာပြီး အချိန်အတော်ကြာထိ လုံခြုံရေးတာဝန်အတူကျခဲ့တဲ့ ရဲဘော်တွေကို စစ်ဆေးမေးမြန်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ခရမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီဂိတ်က တခြားဂိတ်တွေနဲ့မတူဘူးဗျ။ သူ့ဘာသာနေတဲ့ဂိတ်လို့ ပြောရမယ်။ စတည်ထားကတည်းက အခုချိန်အထိ ပြည်သူကိုဒုက္ခပေးတာတို့၊ အစစ်အဆေးကြမ်းတာတို့၊ ရစ်နေတာတို့ မရှိဘူး။ သူ့စရိတ်နဲ့သူသွားတာမို့ ဝမ်းသာရုံကလွဲပြီး ဘာမှတော့မပြောချင်ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ထဲကိုရောက်ပြီးမှ ထွက်ပြေးပါက မိသားစုကိုပါဖမ်းဆီးအရေးယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဥပဒေကြောင့် စိတ်ဖိစီးမှုတွေများလာပြီး အခုလို အဆုံးစီရင်တဲ့အထိ ဖြစ်ကုန်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။










