
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး ကျဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ တန်းပိတ်ချိန်မှာ အခြားအမှုသမားတွေထားတဲ့ သက်ကြီးဆောင်မှာ အချင်းချင်းမတော်တဆ စကားများကြရာမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲပြီး ထောင်ဝန်ထမ်းတွေက အဆောင်ပြင်ပကို ခေါ်ထုတ်ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ကိုအောင်နိုင်စိုး သေဆုံးခဲ့တာကို နှလုံးရောဂါနဲ့ သေဆုံးတယ်ဆိုပြီး ဘားအံထောင်အာဏာပိုင်တွေက လိမ်လည်ထွက်ဆိုထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုးဟာ ၅၀ ညပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်ကျခံထားရတယ်လို့ သိရပါတယ်။
ကိုအောင်နိုင်စိုး သတ်ဖြတ်ခံရတာဖြစ်ပြီး ရိုက်နှက်ရာမှာ လက်ထောက်ကြီးကြပ်ရေးမှူး ကြည်ခိုင်၊ သွင်ထူး၊ ဒုတိယတပ်ကြပ် စိုးသူရသိန်း၊ တပ်သား ကိုကိုဖြိုး၊ ချစ်ဦးဇော် တို့ ပါဝင်တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “သူ့မိသားစုဝင်တွေက နယ်ဝေးကဖြစ်တယ်၊ လက်ရှိအထိတော့ သူကျဆုံးတာကို မိသားစုဝင်တွေက မသိသေးဘူးလို့ ယူဆရပါတယ် ခင်ဗျ။ ဒါဟာ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်တယ်၊ ကိုအောင်နိုင်စိုးဟာ သတ်ဖြတ်ခံရတဲ့အတွက် သေဆုံးခဲ့တာဖြစ်တယ်။ သတ်ဖြတ်ကျူးလွန်မှုတွေမှာ ပါဝင်ခဲ့တဲ့ သူတွေကိုလည်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်နိုင်ဖို့အတွက် ထုတ်ပြန်ရတာ” လို့ ပြောပါတယ်။
ဘားအံထောင်မှ ထောင်ဝန်ထမ်းတွေဟာ အရင်နှစ်တွေကထက် အခုနှစ်ပိုင်းမှာ နိုင်ငံရေးအကျဥ်းသားတွေအား ဖိနှိပ်မှုတွေပြုလုပ်နေပြီး တန်းစီချိန် ခေါင်းအနည်းငယ်လှုပ်ပါက ချက်ချင်းခေါ်ယူ ဒေါက်ခတ်တဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့လည်း PPNM ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။











