
နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကနေ ထောင်ဝန်ထမ်းတွေက အကြောင်းအမျိုးမျိုးပြ လိမ်လည်ပြီး ငွေကြေးတောင်းခံနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဖေဖော်ဝါရီ ၈ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
မန္တလေးအိုးဘို အကျဉ်းထောင်၊ ဒိုက်ဦး အကျဉ်းထောင်၊ မြိတ် အကျဉ်းထောင်နဲ့ ညောင်ဦး အကျဉ်းထောင်တို့မှာ တာဝန်ထမ်းဆောင်နေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေဆီကိုဖုန်းဆက်ပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ ငွေကြေးတောင်းခံနေတာလို့ ဆိုပါတယ်။
ထုတ်ပြန်ချက်အရ ဒိုက်ဦးအကျဉ်းထောင် အိပ်ဆောင် ၄ ရဲ့ အဆောင်မှူး မျိုးသီဟအောင်က နိုင်ကျဥ်းအချို့ ဆေးရုံတက်နေရလို့ ငွေကြေးလိုအပ်နေတယ်ဆိုပြီးမိသားစုဝင်တွေဆီကနေ ငွေကြေး မကြာခဏတောင်းခံမှုက ၁ သိန်းကျပ်ကနေ သိန်း ၁၀၀ အထိရှိနေပြီလို့ သိရပါတယ်။
မန္တလေး အိုးဘိုထောင်မှာတော့ အကျဥ်းဦးစီးဝန်ထမ်း ဆုပိုပိုလင်းက ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ဓာတ်ဆားဝယ်ယူဖို့ဆိုပြီး ၅ သောင်းကျပ်ကနေ ၁ သိန်း ကျပ်အထိ လိမ်လည်တောင်းခံနေတယ်လို့ ဆိုပါတယ်။
မြိတ်အကျဥ်းထောင်ဝန်ထမ်းကလည်း နိုင်ငံရေးအကျဥ်းသားတယောက်ရဲ့မိသားစုဝင်တွေဆီ ပိုက်ဆံတောင်းခိုင်းတယ်လို့ လိမ်လည်တောင်းခံခဲ့သလို ညောင်ဦးထောင်မှာလည်း နိုင်ကျဥ်းတယောက်ကပစ္စည်းမှာခိုင်းတယ်ဆိုပြီး ငွေလိမ်တောင်းတာတွေရှိနေတယ်လို့ သိရပါတယ်။
ပခုက္ကူထောင်မှာလည်း အကျဥ်းဦးစီးဝန်ထမ်းတွေဖြစ်တဲ့ ကျော်လေးနဲ့ ဆရာသော်ဆိုသူက နိုင်ကျဥ်းမိသားစုဝင်တွေဆီကနေ ငွေကျပ် ၁ သိန်းကနေ ၃ သိန်းအထိ လိမ်လည်တောင်းခံတာတွေရှိနေသလို အဲဒီ အကျဥ်းထောင် ၅ ခုအပြင် တခြားအကျဥ်းထောင်တွေမှာလည်း ငွေကြေးလိမ်လည်တောင်းခံတာတွေရှိနေတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ သေချာစိစစ်ပြီးမှ ငွေကြေးပေးအပ်ဖို့ PPNM က တိုက်တွန်းထားပါတယ်။
ထောင်ဝန်ထမ်းတွေအနေနဲ့ လိမ်လည်တာတွေဆက်ပြီးလုပ်နေမယ်ဆိုရင် လူမှုရေးပြစ်ဒဏ်ပေးနိုင်ဖို့အတွက် ကျုးလွန်သူကိုဓာတ်ပုံနဲ့တကွ ထုတ်ပြန်သွားမယ်လို့လည်း သတိပေးထားပါတယ်။
အကျဥ်းဦးစီးနဲ့ ထောင်အာဏာပိုင်တွေက နိုင်ကျဥ်းတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ မကြာခဏပြုလုပ်လေ့ရှိပြီး ငွေကြေးလိမ်လည်တောင်းခံတာ၊ ထောင်ဝင်စာဧည့်တွေ့ခွင့် ကန့်သတ်ပိတ်ပင်တာ၊ ဆေးဝါးကုသခွင့်မရတာတို့ကို အကျဥ်းထောင်အလိုက်ကြုံတွေ့နေရပြီး စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အထိ နိုင်ငံရေးအကျဥ်းသား ၂၀,၀၀၀ ကျော်အထိ ဖမ်းဆီးထိန်းသိမ်းခံနေပါတယ်။











