DVB Logo
Home
မြန်မာသတင်း
မကွေးအကျဥ်းထောင်က နိုင်ငံရေးအကျဉ်းသားတချို့ ထောင်ပြောင်းရွှေ့ခံရ
DVB
·
July 25, 2025
မကွေးအကျဥ်းထောင်က နိုင်ငံရေးအကျဉ်းသားတချို့ ထောင်ပြောင်းရွှေ့ခံရ
Donate to DVB

မကွေးဗဟိုအကျဥ်းထောင် (ဒေါင်းနေထောင်) ကနေ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီး နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရသူတွေ အပါအဝင် နိုင်ငံရေးသမားတချို့ကို ထောင်အာဏာပိုင်တွေက တခြားထောင်တွေဆီ ပြောင်းရွှေ့လိုက်ရတယ်လို့  အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေကို ဇူလိုင် ၂၁ ရက်မှာ ဒေါင်းနေထောင်ကနေ အင်းစိန်ထောင်၊ သရက်ထောင်နဲ့ တခြားထောင်တွေဆီကို ပြောင်းရွှေ့ပို့ဆောင်လိုက်ကြတာလို့ ထောင်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“ထောင်ပြောင်းခံလိုက်ရတာက တောင်တွင်းကြီးနဲ့ မြို့သစ်ဘက်က သူတွေများတယ်။ တောင်တွင်းကြီးဘက်က နှစ် ၂၀၀ ကျော်ကျနေ​တဲ့ ကိုပါလေးတို့၊ နှစ် ၁၇၀ ကျော်ကျနေတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုလှိုင်လှိုင် (ခ) ကိုဝင်းမြင့်လှိုင်တို့၊ မြို့သစ်ဘက်ကလည်း နှစ် ၂၀၀ ကျော်ကျနေတဲ့ ကိုကြီးမဲတို့လို နှစ်ကြီးသမားတွေနဲ့ တခြားနိုင်ငံရေးအကျဥ်းသားတွေပါတယ်။ ကိုဝင်းမြင့်လှိုင်တို့ကို သာယာဝတီထောင်ကို ပြောင်းလိုက်တာလို့သိရတယ်။ အင်းစိန်ထောင်တို့၊ သရက်ထောင်တို့ဆီပို့ တာတွေလည်း ရှိသေးတယ်။ တိတ်တိတ်ကလေးပို့တာ။ သူတို့ ထောင်ပြောင်းတဲ့ကိစ္စ အပြင်ကို ဘာအသံမှမထွက်ဘူး။ အဲ့ဒိထောင်ပြောင်းတဲ့အကြောင်းကို တချို့ထောင်ဝန်​ထမ်းတွေ တောင်မသိရဘူး။”

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အဆိုပါဒေါင်းနေထောင်နဲ့ ရဲတပ်ရင်း ၂၅ တွေကို တိုက်ခိုက်ခဲ့ပြီးနောက် ဒေါင်းနေထောင်မှာ မတရားအကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်မှုရှိတယ်လို့စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရိုက်နှက်ညှဉ်းပန်း နှိက်စက်ခဲ့ကာ လချီကြာအောင် တိုက်ပိတ်ထားခဲ့ပြီးအခုလို ထောင်ပြောင်းရွှေ့တာတာဖြစ်ပါတယ်​။

အခုလို ထောင်ပြောင်းရွှေ့လိုက်တာနဲ့ပတ်သက်ပြီး ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်း သားတွေရဲ့ မိသားစုဝင်တွေဆီကို​ ထောင်အာဏာပိုင်တွေဘက်က ကြိုတင်ဆက်သွယ်အ ကြောင်းကြားပေးခဲ့တာမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားမိသားစုက ပြောပါတယ်။

ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသားတယောက်ရဲ့ ဇနီးက “သူတို့ကို ထောင်ပြောင်းခံရတဲ့ကိစ္စ ကျမတို့ဆီကို ကြိုတင်ဆက်သွယ်လာတာမရှိပါဘူး။ ထောင်ကို တိုက်ခိုက်ခံရပြီးကတည်းက ဧည့်တွေ့ခွင့်မရတာ ၃ လလောက်ရှိနေပြီ။ ထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေ လူ့အခွင့်အရေးချိုးဖေါက်ခံနေရပြီးတော့ အနှိပ်စက်ခံနေ ရတယ်လို့လည်းသိရတယ်။ ထောင်ဝင်စာပို့တာတောင် ပိတ်ခံထားရတာ အခုမှပြန်ပို့လို့ရတာ မကြာသေးဘူး။ ကျမအမျိုးသားတို့ ထောင်ပြောင်းခံလိုက်တယ်ဆိုတာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းသိရတာပါ။ ကျမယောကျ်ားအပါအဝင် နိုင်ကျဥ်းတွေ အားလုံးအတွက်တော့ စိုးရိမ်ပူပန်မိတာပေါ့။ ကျမအနေနဲ့ကတော့ ကြံ့ကြံ့ခံနိုင်ပါတယ်။ PDF တွေအနေနဲ့လည်း ပြည်သူအပေါ်ကို မတရားရက်ရက်စက်စက်ပြုမူနေတဲ့ မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အမြန်ဆုံးအမြစ်ပြတ်အောင်တိုက်ပေးဖို့ပါပဲ” လို့ပြောပါတယ်။

စစ်တပ်ဟာ NLD အရပ်သားအစိုးရဆီကနေအာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်း၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းထဲက တခြား၀န်ကြီးဌာနအသီးသီးက ၀န်ကြီးတွေနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို မကွေးဗဟိုအကျဥ်းထောင်မှာမတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထားတာဟာ ၅ နှစ်နီးပါးရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013