DVB Logo
Home
နိုင်ငံတကာ
နိုက်ဂျီးရီးယားရှိ လူဦးရေ ၁ ဒသမ ၃ သန်းအတွက် WFP ၏ စားနပ်ရိက္ခာအကူအညီ ရပ်ဆိုင်း
DVB
·
July 25, 2025
နိုက်ဂျီးရီးယားရှိ လူဦးရေ ၁ ဒသမ ၃ သန်းအတွက် WFP ၏ စားနပ်ရိက္ခာအကူအညီ ရပ်ဆိုင်း
Donate to DVB

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ  လက်ကျန်ပစ္စည်းတွေ ကုန်သွားတာကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ လူပေါင်း ၁ ဒသမ ၃ သန်းအတွက် အစားအစာနဲ့ အာဟာရ အကူအညီတွေကို ဆိုင်းငံ့ထားလိုက်ရတော့မယ်လို့ ဇူလိုင် ၂၃ ရက်က ကြေညာလိုက်ပါတယ်။ 

မိုင်ဒူဂူရီ ရှိ WFP အစီအစဉ်ရဲ့ အကြီးအကဲ ထရပ်စ်ထ် အမ်လမ်ဘို က  “အခုချိန်ထိ WFP ရဲ့ ဂိုဒေါင်တွေ အားလုံး အလွတ် ဖြစ်နေတယ်”လို့ ပြောပါတယ်။ 

ဒါဟာ အရမ်းခက်ခဲတဲ့ကာလကို ရောက်နေတာဖြစ်ပြီး စားနပ်ရိက္ခာ မလုံလောက်မှု အဆိုးရွားဆုံး နေရာမှာ သီးနှံအထွက်နည်း၊ အရနည်းတဲ့အချိန် တည့်တည့်ကြီးလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

WFP ရဲ့ စားနပ်ရိက္ခာနဲ့ အာဟာရပစ္စည်း သိုလှောင်ထားမှုတွေဟာ ဇူလိုင်လ အစောပိုင်းမှာ နောက်ဆုံးလက်ကျန်တွေကို ဂိုဒေါင်တွေကနေ ထုတ်ပေးခဲ့ပြီးနောက်မှာ ကုန်သွားပြီဖြစ်ပါတယ်။

လတ်တလော ဖြန့်ဝေနေတဲ့ အကူအညီတွေ ပြီးဆုံးသွားတာနဲ့တပြိုင်နက် အသက်ကယ် အကူအညီ တွေလည်း ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ 

ဒီအကျပ်အတည်းဟာ ပြင်းထန်တဲ့ ရန်ပုံငွေပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာခဲ့ပြီး ဒီအခြေအနေမှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ကို ဖျက်သိမ်းလိုက်တာကြောင့် ပိုမိုဆိုးရွားသွားပြီး အဲဒီကနေ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပြတ်တောက်သွားခဲ့ရပါတယ်။ 

USAID ဟာ ပြီးခဲ့တဲ့နှစ်က နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းအတွက် WFP ရဲ့ ရန်ပုံငွေ ၄၅  ရာခိုင်နှုန်းကို ထောက်ပံ့ပေးခဲ့တာပါ။ 

ဘော်နိုနဲ့ ယိုဘီပြည်နယ်တွေရှိ WFP မှ ပံ့ပိုးပေးထားတဲ့ အာဟာရဆေးခန်း ၁၅၀ ကျော်ကို ပိတ်လိုက်ရပြီဖြစ်ပြီး အသက် ၂ နှစ်အောက် ကလေး ၃ သိန်းကျော်အတွက် အသက်ကယ် ကုသမှု တွေလည်း အဆုံးသတ်သွားပါတယ်။ 

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေကြောင့် လူရာနဲ့ချီ သေဆုံးပြီး အနည်းဆုံး လူ ၂ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ 

ရန်ပုံငွေအသစ် မရှိရင် ထိခိုက်လွယ်သောလူတွေကို နေစရာ၊ စားစရာ ရှာဖွေနိုင်ဖို့ မဖြစ်မနေ ရွှေ့ပြောင်းရနိုင်တယ် လို့ WFP က သတိပေးထားပါတယ်။ 

အေဂျင်စီ အနေနဲ့ အခုနှစ်အတွင်း အရှေ့မြောက်ဘက်မှာ ဆက်လက်လည်ပတ်နိုင်ဖို့ ဒေါ်လာ ၁၃၁ သန်း လိုအပ်နေတာဖြစ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013