
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ဓာတ်ငွေ့ပိုက်လိုင်းအနီးမှာ အမည်မသိ အမျိုးသား အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါအလောင်းကို ဒေသခံတွေက ကလိန်အောင်မြို့အခြေစိုက် ခလရ ၂၈၂ တပ်ရင်း နောက်တန်းဌာနချုပ်နဲ့ မီတာ ၂၀၀၀ ခန့်အကွာအဝေးမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “လူက ဘယ်သူဘယ်ဝါ မသိဘူး။ အလောင်းပဲ တွေ့တယ်။ အသက် ၃၀ ကျော်လောက် ယောက်ျားတယောက်ပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့မသင်္ကာတဲ့ ရွာသားတဦးကို စစ်ဆေးပြီး သတ်ဖြတ်ခဲ့တယ် ဆိုတာ ဒေသခံတွေဆီက သိရတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပေမဲ့ အတိအကျကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အသတ်ခံရတဲ့ အမျိုးသားနဲ့ပတ်သက်ပြီး မည်သူဖြစ်ကြောင်းကိုတော့ ရပ်မိရပ်ဖနဲ့ ဒေသခံတွေက ဆက်လက်စုံစမ်းနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေတဲ့ အရပ်တွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အထူးသတိရှိ နေထိုင်သွားလာကြဖို့ KNUက တိုက်တွန်းအသိပေးထားပါတယ်။










