DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ကြာဟင်းပင်
DVB
·
July 23, 2025
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ကြာဟင်းပင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် ကြာဟင်းပင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကြာဟင်းပင်ကို သိပ္ပံလို Operculina turpethum လို့ခေါ်ပြီး အင်္ဂလိပ်လို   India Jalap, Saint Thomas Lid Pod, Transparent wood rose, Turpeth root လို့ ခေါ်ကြပါတယ်။

ကြာဟင်းပင်မှာ glycosides, volatile oil, glucose, fructose အမြစ်မှာ အမျှင်ဓာတ်နဲ့ A-turpethin ၊ B-turpethin၊ coumarins၊ scopoletin၊ saponin၊ flavonoid၊ steroid  စတဲ့ ဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဝမ်းနုတ်ဆေးအာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ အနာကျက်စေခြင်း၊ ကင်ဆာရောဂါကို ဆန့်ကျင် ဂုဏ်သတ္တိများရှိခြင်း၊ ဆီးချိုရောဂါကို ဆန့်ကျင်ခြင်း၊ ဆီးရွှင်ဆေးအာနိသင်ရှိခြင်း၊ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း စတဲ့အစွမ်းအာနိသင်ရှိပါတယ်။ ဆေးဘက်ဆိုင်ရာမှာ အမြစ်၊ အခေါက်၊ အရွက်တို့ကို အသုံးပြုကြပါတယ်။

ကြာဟင်းညွန့် အသင့်အတင့် စားသောက်ပေးခြင်းက ဝမ်းသွားလွယ်အောင် ကူညီပေးတဲ့အပြင် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ လေထိုးလေအောင့်ခြင်းကိုလည်း သက်သာစေပါတယ်။

ကြာဟင်းပင်ဟာ အဆိပ်အတောက်ကို ဖယ်ရှားပေးခြင်းဖြင့် အသည်းကို သန့်စင်စေကာ အသည်းကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်ကို ဖယ်ရှားပေးနိုင်တာကြောင့် ရေဖျဉ်းစွဲခြင်းမှာ အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို နနွင်းမှုန့် ကော်ဖီဇွန်း လေးပုံတစ်ပုံခန့်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် အရေပြားအောက်ရှိ တစ်ရှူးများ ဖောင်းလာခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းဗိုက်အရွယ်အစား တိုးလာခြင်း စတဲ့လက္ခဏာများကို သက်သာစေပါတယ်။

ကြာဟင်းညွန့်အသင့်အတင့် စားပေးခြင်းက ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်းနဲ့ အူလမ်းကြောင်းနဲ့ အစာအိမ် ကျန်းမာရေးကိုအကျိုးပြုတဲ့အပြင် ခန္ဓာကိုယ်အတွင်းရှိ ကျန်းမာတဲ့ ကိုလက်စထရောအဆင့်ကိုလည်း ထိန်းသိမ်း ပေးပါတယ်။

ကြာဟင်းပင်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့အာနိသင်ရှိတာကြောင့်  အဆစ်အမြစ်ရောင်ခြင်းနဲ့ အရိုးအဆစ်ရောင်ခြင်းအတွက် အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် ရောင်ရမ်းခြင်းနဲ့နာကျင်မှုကို သက်သာစေပါတယ်။

ကြာဟင်းပင်ဟာ ဆီးရွှင်စေတဲ့အာနိသင်ရှိတာကြောင့် ဆီးနီဆီးနည်း ဆီးကျင် ဆီးအောင့် ဆီးအနည်ထိုင်ခြင်း ဆီးသွေးပါခြင်း စတဲ့ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေမှာ ကြာဟင်းပင်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကြာဟင်းပင်ဟာ ခန္ဓာကိုယ်အတွင်းရှိ ကျန်းမာတဲ့သွေးတွင်းသကြားဓာတ်အဆင့်ကို ထိန်းသိမ်းပေးပြီး ဆီးချိုရောဂါကိုဆန့်ကျင်အာနိသင်ရှိတာကြောင့် ကြာဟင်းပင်အမှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို နနွင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂ ကြိမ် ခန့်သောက်သုံးပေးခြင်းဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဆီးသွားများခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အလွန်အမင်းရေငတ်ခြင်း၊ အမြင်မှုန်ဝါးခြင်းနဲ့ အနာကျက်နှေးခြင်းစတဲ့ ဆီးချိုရောဂါလက္ခဏာများကို သက်သာစေပါတယ်။

ကြာဟင်းပင်မှာ အ‌ဖျားကျစေတဲ့အာနိသင်ရှိတာကြောင့် ဖျားနာခြင်းများမှာ ကြဟင်းပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို ငရုပ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ သက်သာစေပါတယ်။

အသက်ရှူလမ်းကြောင်းအတွင်း ချွဲပိုတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကျပ်ခြင်း၊ အဆုတ်အအေးမိခြင်းနဲ့ ပန်းနာရင်ကြပ် စတဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာတွေမှာ အပင်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့်  သက်သာစေပါတယ်။

နာတာရှည် လိပ်ခေါင်းများမှာ အမြစ်မှုန့်ကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ခြင်းဖြင့် စအိုအတွင်း ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး လိပ်ခေါင်းရောဂါကို သက်သာစေပါတယ်။ ကြာဟင်းပင်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့်  အမြစ်ကိုထုထောင်းပြီး  ဒက်ကွက်များ၊ လည်ပင်းရှိ ပြန်ရည်ကျိတ်များရောင်ရမ်းခြင်း၊ အရေပြားပိုးဝင်ခြင်း၊ နှင်းခူ၊ အနာများမှာ  လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ကြာဟင်းပင်ဟာ သွေးသန့်စင်ခြင်းအာနိသင်ရှိတာကြောင့် ကြာဟင်းရွက်ကို ရေနွေးကြမ်းအဖြစ် သောက်သုံးပေးခြင်းဖြင့် ယားယံခြင်း၊ ပူလောင်ခြင်း၊ဓာတ်မတည့်ခြင်းနဲ့ အဖုအပိမ့်ထွက်ခြင်းစတဲ့ အရေပြားရောဂါများနဲ့ ဆက်စပ်နေတဲ့ ရောဂါလက္ခဏာများကို သက်သာရာရစေပါတယ်။

ကြာဟင်းပင်ဟာ ကပ်ပါးပိုးဆန့်ကျင်အာနိသင်ရှိတာကြောင့်  အူလမ်းကြောင်းရှိ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ တခြားသော ရောဂါပိုးတွေကြောင့် ဖြစ်ပွားတဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးအမျိုးမျိုးနဲ့ သန်ကောင်တွေမှာ အမှုန့် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အမြစ်ကိုထုထောင်းပြီး ဟင်းစားဇွန်းတဇွန်းခန့်  နံနက်ဗိုက်ထဲမှာ အစာမရှိချိန် သောက်သုံးပေးခြင်းဖြင့် သွေးတွင်းအဆီကို ကျစေပြီး အဝလွန်ခြင်းကိုလည်း လျော့ချပေးပါတယ်။ ကြာဟင်းညွန့်ကို စားသောက်ခြင်းဖြင့် ခန္ဓာကိုယ်ကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။

ကြာဟင်းပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူခြားတဲ့ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံသုံးစွဲခြင်းဟာ လှုပ်ရှားမှုလျော့ရဲခြင်း၊ စအိုလမ်းကြောင်းသွေးထွက်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ သွေးပေါင်ကျခြင်း၊ မူးနောက်ခြင်း နဲ့ သတိလစ်မေ့မြောခြင်းစတဲ့ ပြင်းထန် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ အသက် ၁၂ နှစ်အောက် ကလေးတွေ ကြာဟင်းပင်သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ ဝမ်းလျှောခြင်း၊ စအိုလမ်းကြောင်းကျုံ့ခြင်း၊ မစင်မထိန်းနိုင်ခြင်းတို့ ခံစားနေရတဲ့ လူနာတွေ မသုံးစွဲသင့်ပါ။ ကြာဟင်းပင်နဲ့ ဓာတ်မတည့်သူတွေ ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူတွေ ကြာဟင်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013