DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် အမျိုးသမီး ၁၂ ရာခိုင်နှုန်းသာ စားနပ်ရိက္ခာ အလုံအလောက်ရရှိ
မောရစ်
·
July 16, 2026
ကရင်နီပြည်ရှိ အိမ်ခြေ ၁,၂၀၀ ခန့်ကို KNWO က ငွေသား ကူညီပံ့ပိုးခဲ့စဉ်။ (Photo:KNWO)
ကရင်နီပြည်ရှိ အိမ်ခြေ ၁,၂၀၀ ခန့်ကို KNWO က ငွေသား ကူညီပံ့ပိုးခဲ့စဉ်။ (Photo:KNWO)
Donate to DVB

စစ်ရေးပြင်းထန်နေတဲ့ ကရင်နီ (ကယား) ပြည်နယ်မှာ အမျိုးသမီး ၁၂ ရာခိုင်နှုန်းသာ လုံလောက်တဲ့ စားနပ်ရိက္ခာ ရရှိနေကြတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေ၊ စီးပွားရေး ကျဆင်းမှုတွေနဲ့ မလုံခြုံမှုတွေကြားထဲမှာ အမျိုးသမီးတွေဟာ မမျှတတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးနေရပြီး အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိကြဘူးလို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ UN Women တို့က ထောက်ပြထားပါတယ်။

အဆိုပါ ကုလသမဂ္ဂအဖွဲ့အစည်း ၂ ခုက လူပေါင်း ၅,၄၀၀ ကျော်ကို စစ်တမ်းကောက်ယူ ပြုစုထားတဲ့ 'မမျှတသော ဝန်ထုပ်ဝန်ပိုးများ' ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်အတွင်း ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃ သိန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ အဲဒီအထဲက ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဖြစ်ကြပြီး စစ်ဘေးဒဏ်ကို ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရတာပါ။

လက်ရှိ မြေပြင်မှာ အမျိုးသားအများစုဟာ ရှေ့တန်းစစ်မျက်နှာပြင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ရောက်ရှိနေတာကြောင့် စစ်ရှောင်စခန်းတွေရဲ့ မိသားစုတာဝန်၊ စားဝတ်နေရေးနဲ့ ပြုစုစောင့်ရှောက်ရေးတာဝန် အားလုံးဟာ အမျိုးသမီးတွေရဲ့ ပခုံးပေါ်ကိုပဲ ရာနှုန်းပြည့် ကျရောက်နေပါတယ်။

စစ်ရှောင်အမျိုးသမီးတွေ မိသားစုဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ အကျပ်အတည်းကို ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဗဟိုကော်မတီဝင်တယောက်က “ဘယ်လောက်အထိ ဆိုးရွားနေတဲ့ အခြေအနေမျိုးတွေ ရှိနေလဲဆိုရင် တချို့အမျိုးသမီးတွေဆိုရင် မူးယစ်ဆေးဝါးကို မတတ်သာလို့သာ ရောင်းဝယ်ဖောက်ကား ရောင်းတာပေါ့နော်။ အဲ့လိုမျိုး ရောင်းနေရတဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်။ တချို့ဆိုလည်း လုပ်ခလစာ နည်းနည်းလေးပဲ ရတယ်။ အဲဒီအပေါ်မှာမှ ဆန်လေးတဘူး ၂ ဘူးလား၊ တပြည်လေးရမယ် ဆိုတဲ့ဟာမျိုးနဲ့ပဲ သွားပြီးလုပ်နေတဲ့ ဟာမျိုးတွေ ရှိတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်ဟာ တနိုင်ငံလုံးမှာ ကျား၊ မ အလုပ်အကိုင် ကွာဟချက် အကြီးမားဆုံးဒေသ ဖြစ်လာတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာက ဆိုပါတယ်။

ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေမှာ အမျိုးသားတွေရဲ့ အလုပ်အကိုင်ရရှိမှု ၈၂ ရာခိုင်နှုန်းရှိပေမဲ့ အမျိုးသမီးတွေကတော့ ၆၂ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့တာပါ။

ပိုပြီးစိုးရိမ်စရာကောင်းတာကတော့ ကရင်နီပြည်နယ်အတွင်းရှိ အမျိုးသမီး ၁၂ ရာခိုင်နှုန်းသာ လုံလောက်စွာ စားသောက်ရပြီး ကျန်တဲ့ ၈၈ ရာခိုင်နှုန်းနီးပါးဟာ စားနပ်ရိက္ခာ မလုံလောက်မှု အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။

ရိက္ခာမလုံလောက်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ စစ်ရှောင်စခန်းတွေမှာ တရက်ကို ဆန်ပြုတ်တနပ်ပဲ သောက်ရတဲ့အထိ ဆိုးရွားနေပြီး ကိုယ်ခံအားကျဆင်းကာ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားနဲ့ နာတာရှည်ရောဂါတွေ ခံစားနေရပြီလို့ KNWO ဗဟိုကော်မတီဝင်က ပြောပါတယ်။

“တချို့အခြေအနေတွေဆိုရင် ဘယ်လိုပြောရမလဲ အရပ်စကားနဲ့ပြောရရင် ပိုက်ဆံနည်းနည်း ပိုရှိတဲ့သူဖြစ်ဖြစ်၊ နည်းနည်းအာဏာရှိတဲ့သူရဲ့ မယားငယ်လား ဘယ်လိုပြောရမလဲ အပျော်ရည်းစားလား ဘယ်လိုခေါ်ရမလဲ အဲ့လိုလုပ်ဆောင်နေတာတွေလည်း ကြုံတွေ့နေရတယ်။ လုပ်ဆောင်တာမဟုတ်ဘူး၊ ဒီလိုအခြေအနေမျိုးကို တွန်းပို့စေတဲ့အရာလည်း ဖြစ်သွားတာပေါ့။” 

ဒီလို ရိက္ခာပြတ်လပ်ပြီး ဝင်ငွေမဲ့ရခြင်းရဲ့ နောက်ကွယ်မှာ စစ်တပ်ရဲ့ ဆန်၊ ဆေးဝါးနဲ့ စက်သုံးဆီ သယ်ယူခွင့် တင်းကျပ်တဲ့ 'ဖြတ်လေးဖြတ်' ပိတ်ဆို့မှုတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ ကျန်တဲ့ဒေသတွေထက် ဆိုးရွားနေတာလို့ စစ်ရှောင်တွေက ပြောပါတယ်။

ဒေသခံအမျိုးသမီးတွေဟာ အရင်က တောင်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးခဲ့ကြပေမဲ့ အခုတော့ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ လက်နက်ကြီး ဒရုန်းဒဏ်တွေကြောင့် စိုက်ပျိုးမြေတွေကို စွန့်ခွာခဲ့ရပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းတွေမှာ ရေနဲ့ထင်း ရှာဖွေရတဲ့ အခကြေးငွေမရတဲ့ အိမ်မှုကိစ္စတွေမှာ အမျိုးသားတွေထက် နေ့စဉ် အချိန် ၂ ဆပို သုံးစွဲနေရတာကြောင့် အသက်မွေးဝမ်းကျောင်းပညာသစ် သင်ယူဖို့နဲ့ အလုပ်အကိုင်ရှာဖွေဖို့ အခွင့်အလမ်းတွေပါ လုံးဝပိတ်ဆို့နေရတဲ့ အခြေအနေတွေပါ။

မိုးဗြဲစစ်ဘေးရှောင်တယောက်က “ဘယ်လောက်ထိတောင် ရုန်းကန်ရလဲဆို ကိုယ်ပိုင်ဝင်ငွေ ဆိုရင်လည်း မရှိသလောက်ပဲ။ ရှာမယ်ဆိုရင်တောင် ဆိုင်ကယ်ကမရှိ၊ အရင်းနှီး စိုက်ထုတ်ပေးမဲ့သူက မရှိ။ အဲလို ဘက်စုံ ဖြစ်နေတယ်။ မရှာနိုင်ဘူး ပြောရမှာပေါ့နော်။ ဒီအနီးစပ်ဆုံး လူငှားလိုလို့ နေ့စားခလိုက်မယ်၊ အဲ့လောက်ပဲ သူတို့ လုပ်နိုင်တာပေါ့နော်။ အဲ့လို လုပ်နိုင်တယ် ဆိုရင်တောင် ဟို ကိုယ်ထူကိုယ်ထ  ကျောင်းလခတွေရှိတယ်။ အစ်မတို့ ကလေးတယောက်ကို တလကို ၂၀,၀၀၀၊ အဲ့လိုပေါ့ ဆရာမတွေကို မုန့်ဖိုးပေးဖို့ပေါ့နော် အဲ့လိုတွေလည်း ရှိတော့ ရှာသမျှလည်း မကာမိနိုင်ဘူး။ အဲ့လို ကလေးမုန့်ဖိုးပေးလိုက်၊ ကျောင်းဆရာမအတွက် ပေးလိုက် အဲ့လိုပေါ့၊ တော်တော်တော့ ရုန်းရတယ် အဲဒီ မုဆိုးမ အမျိုးသမီးတွေ” လို့ ပြောပါတယ်။

စစ်ရှောင်စခန်းတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ကျောင်းစရိတ် မတတ်နိုင်တော့တာကြောင့် မိဘတွေက ကလေးတွေကို ကျောင်းဆက်မထားနိုင်တော့ဘဲ ဆယ်ကျော်သက်လူငယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ဘန်ကောက်မြို့တွေဆီ တရားမဝင်နည်းလမ်းတွေနဲ့ အသက်မပြည့်ဘဲ သွားရောက် လုပ်ကိုင်နေကြပြီလို့ စစ်ရှောင်တွေက ဆက်ရှင်းပြပါတယ်။

စခန်းတွင်းမှာ ကျန်ရစ်တဲ့ ကျောင်းဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးငယ်တွေဟာလည်း ထောက်ပံ့ကြေးနဲ့ ရိက္ခာမရရှိတော့တဲ့အတွက် စားဝတ်နေရေးအရ အလုပ်ထွက်ပြီး တခြားအလုပ်တွေ ပြောင်းလုပ်ကြရပြီး အကျိုးဆက်အနေနဲ့ ကရင်နီစစ်ရှောင်စခန်းတွေမှာ အမျိုးသမီးငယ်တွေကို လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုနဲ့ စောစီးစွာ အိမ်ထောင်ကျခြင်း စတဲ့ မလိုလားအပ်တဲ့ အန္တရာယ်ဆိုးတွေဆီကို တွန်းပို့နေတဲ့အထိ ရင်ဆိုင်နေကြရတာပါ။

မိုးဗြဲ စစ်ဘေးရှောင်ယောက်က “သူတို့ အဲဒီ မိုးဗြဲဘက်မှာ စစ်သားတွေ အများကြီး ရောက်လာတယ်တဲ့။ တိုက်ပွဲတွေလည်း ပြင်းထန်တယ်။ ဒီနေ့ ၂ ရက်  ၃ ရက်လည်း လေယာဉ်တွေ လာနေတဲ့ အချိန်ကျတော့ ဒီ ကျမတို့လုပ်ထားတဲ့ တောင်ယာမြေတွေ ဆိုရင်လည်း ဘယ်လိုလာမလဲ၊ ဘယ်လိုလုပ်ရမလဲ။ စစ်ကြောင်း ဒီဘက်များ ထိုးလာမလား၊ အဲလို အများကြီးတော့ စိုးရိမ်စရာတော့ ရှိတယ်။ ကိုယ်ပိုင်ဝင်ငွေဆိုရင်လည်း ဆရာ မရှိသလောက်ပဲ။ အဲဒီ မုဆိုးမ အမျိုးသမီးတွေ။ သက်ကြီးရွယ်အို ပံ့ပိုးပေးတဲ့ အဖွဲ့တွေလည်း ဒီလနဲ့ ကုန်ပြီ” လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ စစ်တမ်း ကိန်းဂဏန်းတွေနဲ့ မြေပြင်က ပကတိအခြေအနေတွေဟာ ကရင်နီအမျိုးသမီးတွေ ခံစားနေရတဲ့ စီးပွားရေးနဲ့ ရိက္ခာအကျပ်အတည်းကို ထင်ထင်ရှားရှား ပြသနေပါတယ်။

တဖက်မှာလည်း နိုင်ငံတကာနဲ့ ဒေသတွင်း ကူညီပံ့ပိုးမှုတွေ တနှစ်ထက်တနှစ် လျော့နည်းလာနေတဲ့ အခြေအနေဟာ သူတို့ကို ပိုမိုနက်ရှိုင်းတဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ဆိုးဆီ တွန်းပို့နေတာကြောင့် ကရင်နီအမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးနဲ့ ရှင်သန်ရေးဟာ ချက်ချင်း အရေးယူ ဆောင်ရွက်ရမဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်ကိစ္စရပ်တခု ဖြစ်နေပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013