
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါဖြစ်ပွားမှုကြီးတခုက နိုင်ငံရဲ့ ဒေသအများစုဆီ ပျံ့နှံ့သွားခဲ့လို့ ကလေး ရာပေါင်းများစွာ သေဆုံးခဲ့ပြီး အဓိကအနေနဲ့ ကလေးတွေ ဝေဒနာ ခံစားနေရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ဝက်သက်ရောဂါကို ကုဖို့ ရည်ရွယ်ထားတဲ့ ဒါကာဆေးရုံတခုမှာ မေ ၁၉ ရက်က လူနာတွေနဲ့ ပြည့်နှက်နေပြီး လူနာအများစုက ကလေးသူငယ်တွေ ဖြစ်ပါတယ်။
မိဘတွေက ပိုကောင်းကောင်း ဆေးကုသနိုင်ဖို့ မျှော်လင့်ချက်နဲ့ နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေ ကနေ သူတို့ကလေးတွေနဲ့အတူ ခရီးထွက်လာခဲ့ကြတာပါ။
ကျန်းမာရေးအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေက ခရိုင်အားလုံးနီးပါးမှာ ကူးစက် နေတာကို မှတ်တမ်းတင်ထားပါတယ်။
ကူးစက်မှု မြင့်တက်လာပြီး သီတင်းပတ်အနည်းငယ်အတွင်း သံသယဖြစ်စရာ ဖြစ်ရပ်ပေါင်း သောင်း နဲ့ချီပြီး သတင်းပို့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
UNICEF အစီရင်ခံစာက အချက်အလက်တွေအရ ကလေးတွေဟာ ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံး ထိခိုက်ခံရကြောင်း ပြသထားပါတယ်။
သတင်းပို့ထားတဲ့ ကူးစက်မှု ၈၀ ရာခိုင်နှုန်းကျော်က ပုံမှန်ကာကွယ်ဆေးထိုးလို့ မရလောက်အောင် အသက်ငယ်လွန်းတဲ့ ကလေးငယ်တွေ အပါအဝင် ၅ နှစ်အောက်ကလေးတွေ ဖြစ်နေတာပါ။
ဝက်သက်ရောဂါကြောင့် သေဆုံးသူဦးရေ ၅၀၀ နီးပါးအထိ မြင့်တက်လာတယ်လို့ ဒေသတွင်း မီဒီယာတွေက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တနိုင်ငံလုံး အရေးပေါ်ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားမှုတခုကို စတင်ခဲ့ပါတယ်။
Source: Reuters










