
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲမှာ ဇူလိုင် ၁၇ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီကနေ သိရပါတယ်။
PDO/PDA ရဲ့ တပ်ဖွဲ့ဝင်ရဲဘော်တယောက်က “ကျနော်တို့ စစ်ဦးစီးချုပ် ရဲဘော်နဂါး ကျဆုံးသွားခဲ့တာ ဆိပ်ဖြူဘက်က စစ်ဆင်ရေးတခုမှာ ရန်သူ့ဘက်က ဘန်ကာကို တက်ရှင်းရင်း ရန်သူ့ဘက်က ပစ်လိုက်တဲ့ကျည်ထိပြီးကျသွားခဲ့တာပါ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ စစ်ဦးစီးရေးချုပ်တာဝန်ရှိသူ ရဲဘော်နဂါး ဟာ စစ်တပ် ကာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဒီမိုကရက်တစ် အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) စတင်ဖွဲ့စည်းချိန်ကစလို့ တော်လှန်ရေးမှာ ပါဝင်လာခဲ့သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
PDO/PDA ရဲ့ ဗဟိုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ တယောက်က “ကျဆုံးသွားတဲ့ ရဲဘော်နဂါး က ကျနော်တို့တပ်တော်အတွက် အလွန်မတန်အားကိုးရတဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံသူတယောက် ဖြစ်ပြီးတော့ တပ်တော်ရဲ့ အားအထားရဆုံးပုဂ္ဂိုလ် တယောက်လည်း ဖြစ်ပါတယ်။ သူ ကျဆုံးသွားတာဟာ ကျနော်တို့တပ်တော်အတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုကြီးဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်နဂါးဟာ PDO/PDA စစ်ဦးစီးရေးချုပ်တာဝန်တွေအပြင် ညီညွတ်ရေးတပ်ပေါင်းစုကို မျှော်ရည်တဲ့ အမှတ် ၈ စစ်ကြောင်းရဲ့ သက်တမ်း ၃ ကြိမ်လုံးမှာ စစ်ကော်မရှင်အဖွဲ့ဝင်အဖြစ်ပါ တာဝန်ထမ်းဆောင်နေသူတယောက် ဖြစ်ပါတယ်။
စစ်ကောင်စီ ထောက်ခံသူတွေကတော့ PDO/PDA ရဲ့ စစ်ဦးစီးရေးချုပ် ရဲဘော်နဂါး ကျဆုံးသွားခဲ့တာဟာ ဆိပ်ဖြူမြို့နယ်ထဲက လက်ဆည်ရဲစခန်းတိုက်ပွဲအတွင်း ဒုရဲအုပ် ဦးစီးတဲ့ အဖွဲ့က ပြန်လည်ခုခံပစ်ခတ်မှုကြောင့်ဖြစ်ကာ အဆိုပါတိုက်ပွဲအတွင်းကနေ PDF ရုပ်အလောင်း ၁ လောင်းနဲ့ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားဖော်ပြနေကြ ပါတယ်။










