DVB Logo
Home
မြန်မာသတင်း

ICJ စီရင်ချက်နဲ့ အာဏာရှင်သမ္မတရဲ့ ပြောဆိုချက်အပေါ် တရုတ် သဘောထားဘယ်လိုရှိလဲ  

DVB
·
November 27, 2026
Photo: MOFA-CHINA
Photo: MOFA-CHINA
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) စီရင်ချက်နဲ့ စစ်အာဏာရှင်ရဲ့ တရုတ်နိုင်ငံအပေါ် ပြောဆိုချက် တို့အပေါ် တရုတ်အစိုးရက ဘယ်လို သဘောထားရှိနေပါသလဲ၊ ICJ စီရင်ချက်အလွန် ပြည်ပ ခရီးစဉ်တွေမှာ စစ်အာဏာရှင်အနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာ့အရေး လေ့လာသူက သုံးသပ်ပြောပါတယ်။ 

နိုဝင်ဘာ ၁၉ ရက်က ထွက်ပေါ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ ICJ စီရင်ချက်နဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့  နိုဝင်ဘာ ၂၀ ရက်နေ့ ပေကျင်း သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောခွင့်ရှိသူက ပြောဆိုထားတာပါ။

ICJ စီရင်ချက်မတိုင်မီ နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲအပြီး ရုရှား၊ တရုတ်နဲ့ အမေရိကန်သမ္မတတို့ရဲ့ ပူးတွဲကြေညာချက်မှာလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) နဲ့ ICJ တို့လို နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းတွေအနေနဲ့ တရားစီရင်ပိုင်ခွင့် ကို အလွဲသုံးစားမလုပ်ဖို့ တိုက်တွန်းထားပါတယ်။

တရုတ်အစိုးရက ICJ စီရင်ချက်ကို အလေးမမူဘဲ စစ်အာဏာရှင်ဘက်က ရပ်ခံတဲ့သဘောဆောင် ခဲ့ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်တွေအသာစီးရအောင် ပြင်ပက အကူအညီပေး တာတွေရှိခဲ့တယ်လို့ ICJ စီရင်ချက်မတိုင်ခင် နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော်၊ လွှတ်တော် မိန့်ခွန်းမှာ စစ်အာဏာရှင်က ထည့်သွင်းပြောဆိုခဲ့တာပါ။ စစ်အာဏာရှင်ရဲ့မိန့်ခွန်းကို နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြရာမှာတော့ တရုတ်ကိုဝေဖန်တဲ့စကားရပ်တွေ ကို ချန်လှပ်ခဲ့တာ တွေ့ရ ပါတယ်။ 

အဲ့ဒါအပြင် ICJ စီရင်ချက်နဲ့ပတ်သက်ပြီး လုပ်သင့်တာကိုလုပ်သွားမှာဖြစ်ပေမဲ့ လိုက်နာဖို့မသင့်တာ တွေကို ဆောင်ရွက်မှာမဟုတ်ဘူးလို့ စစ်အာဏာရှင်က နိုဝင်ဘာ ၂၅ ရက်နေ့ သူ့အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုထားတာပါ။

ICJ ဆုံးဖြတ်ချက်မှာ နစ်နာသူတွေကို ထိုက်သင့်တဲ့ လျော်ကြေးပေးဖို့အပါအဝင် စီရင်ချက် ၁၃ ချက် ကို ချမှတ်ခဲ့တာဖြစ်ပြီး ဘယ်အချက်ကိုလိုက်နာမယ်၊ ဘယ်အချက်ကို မလိုက်နာဘူးဆိုတာကိုတော့ စစ်အာဏာရှင်က အတိအကျပြောဆိုတာ မရှိခဲ့ပါဘူး။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ICJ စီရင်ချက်အလွန် တရုတ်-မြန်မာဆက်ဆံရေးနဲ့ စစ်အာဏာရှင် စနစ် အသက်ဆက်ရပ်တည်နိုင်ရေးဟာ စိန်ခေါ်မှုတွေအများအပြားရှိလာတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

Fortify Rights  ဒါရိုက်တာဘုတ်အဖွဲ့ ဝင် နစ်ကီဒိုင်းမွန်းက “လိုက်နာချင်လည်းရတယ်။ သူတို့ မလိုက်နာချင်လည်းရတယ်။ ပယ်ချလည်း သူတို့အတွက်က ပြဿနာမရှိဘူးဆိုတဲ့သဘောမျိုး သူတို့ပြောတယ်။ ICJ ရဲ့ ဆုံးဖြတ်ချက်က ICC အတွက် တာဝန်ရှိတဲ့သူတွေကို တန်းပြီးတော့ အမှုတည်ဆောက်ပြီးတော့ ဖမ်းဝရမ်းထုတ်လို့ရတဲ့အနေအထားမျိုးဖြစ်သွားပြီ။ ရုရှားကလည်း ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်။ ရှီကျင့်ဖျင်ကလည်း ရှင်ကျန်းမှာ ဝီဂါတွေအပေါ်မှာ ဂျီနိုဆိုက်ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲခံထားရတဲ့ဟာတွေရှိတယ်။ ပုလင်းတူ ဘူးဆို့လို့ပြောလို့ရတယ်ဗျာ။ အချင်းချင်းတွေပေါ့နော်။ သူတို့က နောက်ဆုတ်သွားမလား ပိုပြီးတော့စည်းလုံးပြီးတော့ အမေရိကန်တို့ ဥရောပတို့ဖိအားကို အတူလက်တွဲပြီးတော့ တွန်းလှန်မလားဆိုတဲ့ဟာမျိုး ဖြစ်လာနိုင်တဲ့အနေ အထားရှိတယ်ပေါ့။ ဒါမှမဟုတ် မင်းအောင်လှိုင်ကို ကန်ထုတ်လိုက်ပြီးတော့ အသစ်တင်တဲ့ဟာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ သူတို့အတွက်လည်း နိုင်ငံရေးအရရော စီးပွားရေးအရရော ထိခိုက်တာတွေဖြစ်နိုင်တယ်ပေါ့။ တရုတ်က စစ်တပ်က ခေါင်းဆောင်တွေကို ကြိုက်တဲ့လူတွေ့လို့ရှိရင် မင်းအောင်လှိုင်ကိုဖယ်ပြီးတော့ မင်းသစ်တင်တဲ့ဟာမျိုးလည်း လုပ်နိုင်တယ်ပေါ့။ တပ်တွင်းမှာကတော့ မင်းအောင်လှိုင်ကြောင့် သူတို့ရဲ့ စားခွက်ပိတ်နေတာမျိုးတွေ ဖြစ်လာနိုင်တာကြောင့် သူ့ကိုဖယ်ရှားပြီးတော့ လုပ်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ စီနီယာတွေ မလိုချင်တဲ့ မဖြစ်စေချင်တဲ့အနေအထားမျိုးကို ဖြစ်သွားအောင် မင်းအောင်လှိုင်ကလုပ်ထားတာဆိုတော့ဗျာ တပ်တွင်းမှာ ဆန့်ကျင်မဲ့အင်အားစုတွေက ရှိနိုင်တယ်ပေါ့။ စောင့်ကြည့်ရမှာပေါ့”လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာ ကျင်းပမဲ့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ CLMV ထိပ်သီးအစည်းအဝေးနဲ့ ACMECS ထိပ်သီးအစည်းအဝေးတွေကို စစ်ခေါင်းဆောင်တက်ရောက်သွားမယ်လို့ စစ်အာဏာရှင် နိုင်ငံခြားရေး MOFA က ထုတ်ပြန်ထားတာပါ။ 

CLMV မှာ အဖွဲ့ဝင်တွေအဖြစ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် ၄ နိုင်ငံပါဝင်ပြီး ဧရာဝတီ၊ ကျောက်ဖုရား၊ မဲခေါင်ဒေသတွင်းနိုင်ငံတွေစုဖွဲ့ထားတဲ့ ACMECS မှာတော့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်း ၅ နိုင်ငံပါဝင်တာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ICJ ရဲ့စီရင်ချက်အပြီး စစ်ခေါင်းဆောင်ရဲ့ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်လာမှာပါ။ ဒီခရီးစဉ်မှာ စစ်အာဏာရှင်ကို ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေက ဇွန်လအလွန် ခရီးစဉ်တွေတုန်း ကလို နိုင်ငံတော်အဆင့်အခမ်းအနားတွေနဲ့ တန်းတူထားဆက်ဆံတာရှိမရှိကိုတော့ စောင့်ကြည့် သွားရမှာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့က ICJ စီရင်ချက်ကို အသိအမှတ်ပြုလက်ခံခဲ့ပြီး ထိုင်းနိုင်ငံကတော့ သတိထားချဉ်းကပ်တဲ့အသွင်ဆောင်ခဲ့ပါတယ်။

အာဆီယံနဲ့ ACMECS  အဖွဲ့ဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်တို့က စစ်အာဏာရှင်ကို အသိအမှတ်ပြုပြီး အစည်းအဝေးဖိတ်ခဲ့တဲ့အတွက် ICJ စီရင်ချက်ကို အလေးမထားကြောင်း သဘောသက်ရောက်နေတာပါ။ အာဆီယံအဖွဲ့ဝင်တွေထဲက ဘရူနိုင်းနဲ့ အရှေ့တီမောနိုင်ငံတွေရဲ့ ICJ အပေါ် တရားဝင်သဘောထားကတော့ မထွက်လာသေးပါဘူး။

စစ်အာဏာရှင်ရဲ့ ပြည်ပခရီးစဉ်တိုင်းကို လူ့အခွင့်အရေးဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းတွေက စဉ်ဆက်မပြတ် ဝေဖန်ခဲ့တာဖြစ်ပြီး ICC က စစ်အာဏာရှင်ကို ဖမ်းဝရမ်းထုတ်ပြီးအရေးယူဖို့ ဆက်တိုက်တောင်းဆိုနေတာဖြစ်ပါတယ်။

ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက “ဖမ်းဝရမ်းထုတ်ပေးလိုက်မယ် ဆိုရင်ပေါ့နော် စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်အပေါ်မှာ နိုင်ငံရေးအရရော သံတမန်ရေး၊ စစ်ရေးနဲ့ စီးပွားရေးအရ အကျိုးဆက်တွေတော်တော်များများရှိလာနိုင်တယ်။ အဓိကကတော့ ICC ဖမ်းဝရမ်းဆိုတာက လူတဦးကိုဖမ်းဆီးဖို့ထက် စစ်တပ်ရဲ့နိုင်ငံရေးအရ တရားဝင်မှု၊ ခေါင်းဆောင်မှုနဲ့ နိုင်ငံရေးရပ်တည်မှုတွေအပေါ်မှာ သက်ရောက်နိုင်တဲ့ နိုင်ငံတကာဥပဒေရေးရာ အရေးယူမှုတခုလည်းဖြစ်တယ်ပေါ့။ မင်းအောင်လှိုင်ရဲ့နိုင်ငံတကာကိုသွားပြီးတော့ တရားဝင်မှုရယူဖို့  ကြိုးစားနေတာတွေမှာ အကန့်အသတ်တွေ ရှိသွားမယ်။ ICC အဖွဲ့ဝင်နိုင်ငံတွေကို တကယ်လို့ သွားမယ်ဆိုရင် ဖမ်းဆီးခံရနိုင်တယ်။ နောက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဖိတ်ကြားတဲ့နေရာမှာ အခက်အခဲတွေရှိနိုင်ပါတယ်။ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်တဲ့နေရာတွေမှာ အရင်တုန်းကထက် ပိုမိုရှုပ်ထွေးတဲ့ သံတမန်ရေးရာ အရှုပ်အထွေးတွေရှိလာနိုင်တယ်။ ထိတွေ့ဆက်ဆံနေတဲ့နိုင်ငံတွေ ဥပမာ ထိုင်းတို့ ကမ္ဘောဒီးယားတို့ စသဖြင့် ဒီနိုင်ငံတွေဆိုရင်လည်း ဒေသတွင်းနိုင်ငံတွေက အရင်ကထက်ပိုပြီးတော့ နိုင်ငံတော်အဆင့် ဧည့်ခံစီစဉ်တာတွေဘာတွေလုပ်ရင်လည်း ဥပဒေရေးရာ အငြင်းပွားမှုတွေရှိလာနိုင်တယ်။ မြန်မာစစ်တပ်က နဂိုကတည်းက တိုက်တိုင်းရှုံးနေတဲ့အခြေအနေမှာ စစ်တပ်အတွင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာကျဆင်းမှုတွေရှိလာပြီးတော့ အစုအဖွဲ့ပိုင်းဆိုင်ရာ အကွဲအပြဲတွေ ရှိလာနိုင်တယ်ပေါ့နော်”လို့ ပြောပါတယ်။

စစ်အာဏာရှင်ဟာ ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်နဲ့ အစိုးရအဖွဲ့ကို နည်းလမ်းစုံနဲ့ချဉ်းကပ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးထဲ အမေရိကန်နိုင်ငံဝင်လာဖို့ အားထုတ်ခဲ့တာပါ။ 

တရုတ်အစိုးရရဲ့ဖိအားကို ပြန်တွန်းကန်ချင်တာကြောင့် စစ်အာဏာရှင်က မြေရှားသတ္တုအပါအဝင် မက်လုံးတွေနဲ့ အမေရိကန်အစိုးရကို ဆွယ်ခဲ့ပေမဲ့ မြန်မာနိုင်ငံအတွင်း တရုတ်အစိုးရရဲ့ ဗျူဟာမြောက် အထွေထွေရင်းနှီးမြှုပ်နှံမှုတွေ နစ်ဝင်ပြီးဖြစ်တဲ့အတွက် နောက်ဆုံးမှာ တရုတ်အစိုးရ ကိုသာ ပြန်ချဉ်းကပ်ရလိမ့်မယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူတွေက အစောပိုင်းကတည်းက မှတ်ချက်ပေးထားတာပါ။ 

လက်ရှိအချိန်မှာ စစ်အာဏာရှင်က တရုတ်အစိုးရဆီက ရုန်းထွက်ဖို့ကြိုးစားတာ၊ ဝေဖန်ပြောဆိုတာ တွေဟာ အချီးနှီးသာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “နိုင်ငံငယ်လေးတွေက တောပြော တောင်ပြော၊ အထူးသဖြင့်မင်းအောင်လှိုင်လိုလူမျိုးက တောပြော တောင်ပြောဆိုတာမျိုး ကို သိပ်ဂရုမစိုက်တတ်ကြဘူး။ တရုတ်က ဒါမျိုးကို မတုံ့ပြန်တတ်ဘူး။ ၂ အချက် ICJ နဲ့ပတ်သက်လို့ တရုတ်က နိုင်ငံရေးအရ အသုံးမချဖို့လို့တောင် ၃ နိုင်ငံပြောတဲ့အထဲပါတော့ စီရင်ချက်ကိုလည်း သိပ်ဂရုစိုက်မယ်မထင်ဘူး။ မင်းအောင်လှိုင်အနေနဲ့က တခြားနိုင်ငံတွေကို လပ်လျားလပ်လျားနဲ့ သိပ်သွားဖို့တော့ မလွယ်တော့ဘူး။ ဂိုက်က သိပ်လုပ်ချင်တာလေ။ တရုတ်လိုနိုင်ငံမျိုးလာလို့ကတော့ သူ သိပ်ပြဿနာမရှိဘူးပေါ့။ သူ့ကိုယ်သူ ဗမာပြည်ရဲ့သမ္မတကြီးအဖြစ် တရားဝင်အောင် လုပ်တဲ့ အထဲမှာတော့ ဒါ အရှိုက်ထိုးခံရတယ်လို့တော့ ကျမသဘောထားတယ်ဗျာ။ သိပ် ရုပ်ပျက် လာရင်တော့ ဗိုလ်စောမောင်လို ခံရကောင်း ခံရနိုင်တာပေါ့နော်။ ဒါပေမဲ့ ကျမကြည့်တာ ဗိုလ်စောမောင်ခံလိုက်ရတာက အဲ့ဒီခေတ်တုန်းက ဦးနေဝင်းက ဩဇာရှိသေးတယ်။ ဦးနေဝင်းက ဗိုလ်စောမောင်ကို မကြည်တော့တာပါတယ်။ အဲ့ဒီဩဇာအရှိန်နဲ့ ဗိုလ်သန်းရွှေတို့က မိမိအကျိုးစီးပွား အတွက် လုပ်လိုက်နိုင်တယ်။ အခုမင်းအောင်လှိုင်ခေတ်မှာတော့ အဲ့ဒီလို တပ်အပေါ်မှာ ဩဇာရှိတဲ့သူ မရှိဘူး။ နောက် မင်းအောင်လှိုင်ကလည်း စောစောစီးစီး ဗိုလ်နေဝင်းလုပ်သလိုပဲ အစွမ်းအစ နည်းနည်းပါးပါးရှိတဲ့သူတွေကို ဖယ်ရှားထားပြီးပြီ။ ဘာမှမျှော်လင့်ချက်သိပ်ကြီးစရာမရှိပါဘူး။ ဒီစစ်တပ်အတွက် အနာဂတ်က မကောင်းလှဘူးလို့ပဲ ပြောရမှာပေါ့ဗျာ”လို့ ပြောပါတယ်။

စစ်အာဏာရှင်ဟာ ICJ စီရင်ချက်အလွန်မှာ သူမျှော်လင့်ထားသလို အမေရိကန်နဲ့ဆက်ဆံရေး အားကောင်းဖို့ အလားအလာနည်းသွားတာ၊ တရုတ်အစိုးရရဲ့လွှမ်းမိုးမှုကို ပိုခံရနိုင်တာ၊ အာဆီယံ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကို သံတမန်ရေးချဉ်းကပ်ဖို့ ပိုအားနည်းသွားတာတွေနဲ့ ကြုံတွေ့နေရတာပါ။ 

အဲ့ဒါအပြင် ဥရောပနိုင်ငံတွေက ICJ စီရင်ချက်ကိုလိုက်နာဖို့ ဖိအားပေးတာ၊ တော်လှန်ရေး အင်အားစုတွေ ရဲ့အထွေထွေလှုပ်ရှားမှုတွေနဲ့ ပြည်တွင်းစစ်ရေး၊ စီးပွားရေးပြဿနာတွေကလည်း  ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်ပြီး စစ်အာဏာရှင်ဟာ အဘက်ဘက်က ဖိအားတွေကြားမှာ ပိတ်မိနေတာဖြစ်ပါတယ်။ 

သုတချမ်းသာ

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013