DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း စပါးခင်းများတွင် ရွှေခရုကျရောက်ပြီး တောင်သူများ အခက်ကြုံ
DVB
·
July 19, 2025
ဧရာဝတီတိုင်း စပါးခင်းများတွင် ရွှေခရုကျရောက်ပြီး တောင်သူများ အခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်းမှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွထဲ စပါးအပင်ဖျက် ရွှေခရုတွေ ကျရောက်ပြီး စပါးခင်းတွေ ပျက်စီးမယ့်အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းက သာပေါင်း၊ ဝါးခယ်မ၊ မအူပင်၊ အိမ်မဲ၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး စတဲ့မြို့နယ်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေမှာ ဇူလိုင်လ ပထမအပတ်က စတင်ပြီး ရွှေခရုတွေ ကျရောက်နေတာဖြစ်ပြီး စပါးဧကသောင်းချီ ပျက်စီးမယ့်အခြေအနေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ တောင်သူတွေက ဆိုပါတယ်။

ဝါးခယ်မမြို့နယ်က တောင်သူတယောက်က “လူနဲ့လိုက်ကောက်ထုတ်တာလည်း မရဘူး။ ခရုတွေက စပါးတွေကို ကိုက်ဖျက်တာ။ စပါးအပင်ငုတ်ကလေးတွေပဲ ကျန်တော့တယ်။ သုံးနေကျ ခရုသတ်ဆေးလည်း မတိုးတော့ဘူး။ အခုကိုက်တဲ့ ခရုက တော်တော်မြန်ဆန်တယ်။ လယ်ချင်းဆက် လယ်တွေထဲက စပါးခင်းတွေ တော်တော်ပျက်ကုန်ပြီ” လို့ ပြောပါတယ်။

စပါးအပင်ဖျက် ရွှေခရုကျတဲ့ ဒေသတွေက တောင်သူတွေအနေနဲ့ အစည်းအဝေးတွေမှာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေ တင်ပြတာရှိပေမဲ့ စစ်ကောင်စီရဲ့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပညာရှင်တွေ လာရောက်စစ်ဆေးတာမျိုး မရှိဘဲ တောင်သူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

မော်လမြိုင်ကျွန်း ဒေသခံတယောက်က “တင်ပြစရာတောင် မလိုပါဘူး။ မြေပြင်မှာရှိနေတဲ့ သူတို့ (စစ်ကောင်စီ) ခန့် အုပ်ချုပ်ရေးမှူးတွေ ရှိနေတာပဲလေ။ သိနေတာပဲ။ ပြည်သူကို ကူညီရမယ့်အလုပ်မို့ အရေးတောင် မလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေတာပါ။ ပိုးသတ်ဆေး၊ ခရုသတ်ဆေးတွေကလည်း မစွမ်းတော့ဘူး။ ဆေးဝယ်ဖို့လည်း စရိတ်မတတ်နိုင်တော့ တော်တော် ဖြေရှင်းဖို့ခက်တယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်အတွင်း စပါးစိုက်ပျိုးရာမှာ အသုံးပြုရတဲ့ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ခရုသတ်ဆေး၊ အပင်အားဆေး၊ ပေါင်းမြက်ရှင်းလင်းဆေး၊ အသီးတင်ဆေး၊ ထုံးနဲ့ ဒီဇယ်ဈေးတွေ ၃ ဆကျော် မြင့်တက်လာလို့ လယ်သမားတွေအနေနဲ့ အရင်လို စပါးမစိုက်မီ ဝယ်ယူအသုံးပြုရတဲ့ ခရုသတ်ဆေးတွေကို မသုံးနိုင်ခဲ့ဘူးလို့ တောင်သူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းဟာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ တိုင်းတခုဖြစ်ပြီး စပါးစိုက်ပျိုးရေးလုပ်ငန်းကို အဓိက အများဆုံး စိုက်ပျိုးလုပ်ကိုင်ကာ အာဏာမသိမ်းခင်နှစ်တွေက မိုးစပါးဧက ၃ ဒသမ ၇ သန်းကျော်နဲ့ နွေစပါးဧက ၁ ဒသမ ၄ သန်း ကျော်ကို နှစ်စဉ် စိုက်ပျိုးထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ မနှစ်က မိုးစပါးစိုက်ပျိုးရာသီမှာလည်း ရွှေခရုတွေ ကျရောက်လို့ တောင်သူတွေရဲ့ စပါးဧက ၆၀,၀၀၀ ကျော်လောက် လုံးဝပျက်စီးခဲ့ရသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013