
ပီရူးဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ထောင်ဒဏ် ၁၅ နှစ် ကျခံနေတဲ့ သမ္မတဟောင်း အိုယန်တာ ဟူမာလာရဲ့ ငွေကြေးခဝါချမှု ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့တာကြောင့် သမ္မတဟောင်း ဟူမာလာဟာ ဇူလိုင် ၃၁ ရက် ညနေပိုင်းမှာ ထောင်ကနေ ပြန်လွတ်မြောက်လာပါတယ်။
ဟူမာလာနဲ့ သူ့ရဲ့ဇနီး နာဒင်း ဟီရီဒီယာတို့ဟာ ၂၀၁၁ ခုနှစ် သမ္မတမဲဆွယ်ပွဲတုန်းက အခုအခါ နိုဗိုနော လို့ နာမည် ပြောင်းထားတဲ့ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီကြီး အိုဒီဘရက်ချ် ဆီကနေ တရားမဝင် မဲဆွယ်ရန်ပုံငွေတွေ လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံခဲ့ရတာပါ။
ဒါပေမဲ့ ဒီစွပ်စွဲချက်တွေ ဖြစ်ပွားခဲ့တဲ့ ၂၀၀၆ နဲ့ ၂၀၁၁ ခုနှစ်တုန်းက မမှန်မကန် မဲဆွယ်ရန်ပုံငွေ ရယူတာဟာ ပြစ်မှုအဖြစ် မသတ်မှတ်ရသေးတာကြောင့် ငွေကြေးခဝါချမှုနဲ့ အစိုးရရှေ့နေတွေ စွဲဆိုခဲ့တာ မမှန်ကန်ဘူး ဆိုပြီး ဇူလိုင် ၃၀ ရက်မှာ ခုံရုံးက ဟူမာလာ ဘက်ကနေ ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီစီရင်ချက်ဟာ သူနဲ့အတူ တရားရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်း ဘရာဇီးမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိသွားတဲ့ ဇနီးဖြစ်သူ ဟီရီဒီယာ အတွက်လည်း အကျုံးဝင်သလို ပြီးခဲ့တဲ့နှစ်က လက်ရှိ သမ္မတကေးကို ဖူဂျီမိုရီ ရဲ့ အမှုကို ပယ်ဖျက်ပေးခဲ့တဲ့ ဥပဒေ အကြောင်းပြချက်အတိုင်းလည်း ဖြစ်ပါတယ်။
ထောင်တံခါးဝကနေ မီးခိုးရောင် ကားတစီးနဲ့ ထွက်ခွာလာတဲ့ ဟူမာလာက "အဲဒီအချိန်က တရားစီရင်ရေးအဖွဲ့အစည်းထဲက လူတွေဟာ မတရားတဲ့ အခြေအနေတခုကို တရားဝင်အောင် လုပ်ခဲ့ကြတာပါ။ ကျနော်တို့ ဘာပြစ်မှုမှ မကျူးလွန်ခဲ့သလို ဗင်နီဇွဲလားကော ဘရာဇီးကပါ မဲဆွယ် ရန်ပုံငွေ မယူခဲ့ပါဘူး" လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဟူမာလာဟာ အဂတိလိုက်စားမှု ဒါမှမဟုတ် အာဏာအလွဲသုံးစားမှုတွေနဲ့ စွပ်စွဲခံထားရသူ တခြား သမ္မတဟောင်း ၃ ယောက်ပါ ရှိနေတဲ့ ရဲစခန်းတွင်း သီးသန့် အကျဉ်းထောင်မှာ ပြစ်ဒဏ် ကျခံခဲ့ရ တာဖြစ်ပြီး စွပ်စွဲချက်တွေကိုလည်း နိုင်ငံရေးအရ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ လျှောက်လဲခဲ့ ပါတယ်။
အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဟူမာလာဟာ Shining Path ပြောက်ကျားအဖွဲ့ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ဖူးသလို ၂၀၀၀ ပြည့်နှစ်က သမ္မတ အယ်လ်ဘာတို ဖူဂျီမိုရီကို မအောင်မြင်တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းအပြီးမှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကာ နိုင်ငံရေးဘက် ပြောင်းလာခဲ့သူပါ။
သူဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် စီးပွားရေး တည်ငြိမ်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးကို အဓိကထား ဆောင်ရွက်ခဲ့ပေမဲ့ သတ္တုတူးဖော်ရေး စီမံကိန်းပဋိပက္ခတွေကြောင့် လူထုထောက်ခံမှု ကျဆင်းခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံဟာ ရာထူးက ဆင်းအပြီးမှာ အစိုးရ စီမံကိန်းတွေ ရရှိဖို့ လက်တင်အမေရိက ဒေသတခုလုံးမှာ ဒေါ်လာသန်းပေါင်းများစွာ လာဘ်ပေးခဲ့တဲ့ အိုဒီဘရက်ချ် အဂတိလိုက်စားမှု အရှုပ်တော်ပုံကြီးထဲ ပါဝင်သွားခဲ့တာပါ။
၂၀၁၆ ကတည်းက စတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအပြီး ၃ နှစ်ကြာ တရားရင်ဆိုင်မှုအတွင်း သူတို့ ၂ ယောက်စလုံးဟာ အမှုမရင်ဆိုင်ရမီ ကာလတုန်းကလည်း ယာယီ ထိန်းသိမ်းခံခဲ့ရဖူးပါတယ်။
Source:Reuters










