DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းမြို့က လက်ကျန် ခလရ ၁၃၅ တပ်ရင်းကို တော်လှန်ရေးတပ်ပေါင်းစု ပိတ်ဆို့
DVB
·
July 16, 2025
ဖားဆောင်းမြို့က လက်ကျန် ခလရ ၁၃၅ တပ်ရင်းကို တော်လှန်ရေးတပ်ပေါင်းစု ပိတ်ဆို့
Donate to DVB

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ရဲ့  ခလရ ၁၃၅ တပ်ရင်းကို တော်လှန်ရေး တပ်ပေါင်းစုတွေက ပိတ်ဆို့ထားပါတယ်။

ဇွန် ၂၅ ရက်တည်းက ဖားဆောင်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းတွေဖြစ်တဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ ကို ကရင်နီဒေသရှိ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေတာပါ။

ဇွန် ၃၀ ရက်မှာ ခလရ ၁၃၄ တပ်ရင်းကို သိမ်းနိုင်ခဲ့ပြီးတဲ့နောက် ၁၃၅ ကို ဆက်ရဖို့ ဒီရက်ပိုင်း ဖားဆောင်းမြို့တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

နောက်ဆုံးကျန်နေတဲ့ ၁၃၅ တပ်ကိုလည်း တော်လှန်ရေးတပ်ပေါင်းစုက ပိတ်ဆို့ထားတဲ့အတွက် ဒီရက်ပိုင်း ဖားဆောင်းမြို့နဲ့ မော်ချီးမြို့တွေကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ အခြေအနေကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဒုတိယစစ်ဦးစီးချုပ် မာဝီက DVB နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းချိန်မှာ ပြောပါတယ်။

“၁၃၅ (ဖားဆောင်းအခြေစိုက် ခလရတပ်ရင်း) က ပိတ်မိနေတယ်။ သူ ထွက်လို့မရဘူး၊ သူ့ကို ကယ်မယ့်သူလည်း မရှိဘူး၊ လေကြောင်းကလွဲလို့ သူ့ကို ဘယ်သူမှ ပံ့ပိုးနိုင်တဲ့သူ ကူနိုင်မယ့်သူ မရှိတဲ့အခြေအနေမျိုးမှာတော့ သူ ကျနော်တို့ကို ကြွက်မနိုင် ကျီမီးရှို့ပေါ့ဗျာ၊ ဒါမျိုးလုပ်နေတဲ့ အခြေအနေမှာ ဖြစ်တယ်။ တကယ်လို့ ကျနော်တို့ ၁၃၅ ကို ရပြီးသွားပြီ ဆိုရင်လည်း နယ်စပ်ကနေ တောက်လျှောက် ဘော်လခဲ တပ်ခြံစည်းရိုးအထိက အကုန်လုံး စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီ။ နောက်ထပ် လွတ်မြောက်နယ်မြေတခု ဖြစ်လာမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။”

ဖားဆောင်း မြို့သိမ်းတိုက်ပွဲမှာ ခလရ ၁၃၄ နဲ့အတူ တရုတ်နိုင်ငံထုတ် FTC2000G တိုက်လေယာဥ်တစီးကို ကရင်နီတော်လှန်ရေးတပ်‌ပေါင်းစုဘက်က ပစ်ချနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲ စတည်းက စစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်နေပြီး ဒီလရဲ့ နှစ်ပတ်အတွင်းမှာပဲ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို လေယာဥ်နဲ့ ဗုံး ၃ ခါ လာကြဲလို့ ကလေးတွေ အပါအဝင် အရပ်သား ၁၀ ယောက် သေဆုံးခဲ့ပြီး ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိ မော်ချီးမြို့ပေါ် အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က “တချို့ဆို ပြန်တဲ့သူတွေက ပြန်ကုန်ကြပြီ။ မော်ချီးလည်း တိတ်ဆိတ်သွားတာပဲ။ တချို့ဆိုင်တွေဆို ပိတ်ကုန်တာပေါ့။ လူသွားလူလာကတော့ အရင်ကလောက် မများတော့ဘူးပေါ့။ ဘာလို့လဲဆို ဈေးဝယ်တဲ့တချိန်လောက်ပဲ လေယာဥ်အသံပဲ နားထောင်နေရတာ၊ နားပဲစွင့်ပြီး နေနေရတယ်၊ အကုန်လုံးက ကြောက်နေကြတာ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့နေရာမဟုတ်တဲ့ မော်ချီး လေကြောင်းတိုက်ခိုက်မှုမှာ လူနေထူထပ်ရာ အရပ်သားတွေနဲ့ ခဲလုပ်သားတွေ နေထိုင်တဲ့ ရပ်ကွက်တွေထဲ ဗုံးကျခဲ့တာ ဖြစ်ပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၃၃ ယောက် သေဆုံးခဲ့ပြီး ၉၄ ယောက် ဒဏ်ရာရခဲ့တဲ့အတွက် အရပ်သားစစ်မဲ့ဇုန် ဖန်တီးပေးဖို့ နိုင်ငံတကာကို IEC က တောင်းဆိုထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013