DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ဆေးရိုးပင် ဥနှဲပင်(အုတ်နှဲပင်) ဆေးဖက်ဝင်
DVB
·
July 16, 2025
နွေဦးပြည်သူတို့အတွက် ဆေးရိုးပင် ဥနှဲပင်(အုတ်နှဲပင်) ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဥနှဲပင် (အုတ်နှဲပင်) ဆေးရိုးပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဆေးရိုးပင်ကို သိပ္ပံလို Streblus asper လို့ခေါ်ပြီး အင်္ဂလိပ်လို   Siamese rough bush, toothbrush tree, sandpaper tree လို့ ခေါ်ကြပါတယ်။

ဆေးရိုးပင်မှာ Flavonoid၊Tannin၊ Steroid၊ Terpenoid၊Saponin၊ Alkaloid၊ Phenolic compound စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ သွေးတိတ်ဆေးအာနိသင်ရှိခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေခြင်း စတဲ့ အစွမ်းအာနိသင်ရှိပါတယ်။ ဆေးဘက်ဆိုင်ရာမှာ ဆေးရိုးပင်ရဲ့ အရွက်၊အခေါက်၊ နို့စေး၊ အမြစ် တို့ကိုသုံးစွဲကြပါတယ်။

အရေပြားယားယံခြင်း၊ နီမြန်းခြင်းနဲ့ အရေပြားပိုးဝင်ခြင်းများမှာ အရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ အရွက်သတ္တုရည်ကို ဒဏ်ရာ/အနာများမှာ လိမ်းပေးခြင်းဖြင့် ဘက်တီးရီးယားပိုးမွှားများ ဝင်ရောက်ခြင်းကို တားဆီးပေးပြီး အနာကျက် မြန်စေပါတယ်။

အကိုင်းအခက်ကို သွားတိုက်တံအဖြစ် အသုံးပြုခြင်းဖြင့် သွားဖုံးနဲ့ သွားများကို ကြံ့ခိုင်စေပါတယ်။   အခေါက်ကို ရေဆူအောင်ပြုတ်ကာ ခံတွင်းကျန်းမာရေးအတွက် ငုံဆေးရည်အဖြစ် အသုံးပြုခြင်းဖြင့် သွားပိုးစားခြင်း၊ သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းနဲ့ ခံတွင်း အနံ့အသက်ဆိုးခြင်းတို့ကို ကာကွယ်ပေးပါတယ်။

ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့အတွက်  အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို   တနေ့ ၂-၃  ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်းကိုက်ရောဂါများမှာ အပင်ခေါက်မှုန့် တခါသောက် ကော်ဖီ ၁ ဇွန်း သို့မဟုတ် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃  ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။ အူလမ်းကြောင်းကပ်ပါးကောင်များ၊ သန်ကောင်များနဲ့ အခြားရောဂါပိုးများ ဝင်ရောက်ခြင်းအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃  ကြိမ် သောက်ပေးနိုင်ပါတယ်။

အမြစ်သွေးရည်ကို နာတာရှည်အနာများနဲ့ ဂရင်ဂျီနာများ ကုသရာမှာ ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ 

ခြေဖနောင့်ကွဲနာနဲ့ လက်ဖဝါးများကွဲခြင်းများမှာ အပင်အစေးကို  လိမ်းပေးနိုင်ပါတယ်။ 

ဝက်ရူးပြန်ရောဂါမှာ အမြစ်မှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ အာရုံကြောစနစ်ကို ခွန်အားဖြစ်စေပါတယ်။

လိပ်ခေါင်းသွေးယိုခြင်းနဲ့ သွေးဝမ်းသွားရောဂါများမှာ အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဂေါက်ရောဂါနဲ့ အဆစ်ရောင်ရမ်းခြင်း/ နာကျင်ခြင်းများမှာ အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့်  ရောင်ရမ်းနာကျင်ခြင်းများကို  သက်သာစေပါတယ်။

အအေးဒဏ်ကြောင့် ချောင်းဆိုးခြင်း၊ အအေးမိခြင်းနဲ့ ပန်းနာရင်ကြပ် စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ အခေါက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို ရှောက်ရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် ချွဲသလိပ်များကို ဖယ်ရှားပေးပြီး အသက်ရှုချောင်စေပါတယ်။

ဆေးရိုးပင်ကို အသင့်အတင့် စားသုံးခြင်းဖြင့် ထူးခြားတဲ့ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းကြောင့် ခံတွင်းခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လေထိုးလေအောင့်ခြင်းတို့ ဖြစ်စေနိုင်ပြီး ဓာတ်မတည့်သူများမှာ ယားယံခြင်း၊ အဖုအပိမ့်များ ထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်သူများ ဆေးရိုးပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။ 

နွေဦးပြည်သူများ ဆေးရိုးပင် (အုတ်နှဲပင်) ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013