
ထိုင်းအရှေ့မြောက်ပိုင်း၊ ခွန်ကဲင်ခရိုင်ရဲ့ အလှမယ်ရွေးပွဲ အကဲဖြတ်ဒိုင်တယောက်ဖြစ်တဲ့ အမ့်ဖိချ်ဆုထောင်းန်ဟာ ကျားဖြန့်ဂိုဏ်းရဲ့ ငွေလိမ်မှုကို ခံခဲ့ရတဲ့နောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဇူလိုင် ၁၁ ရက်က ဆုဖန်းပူရီးခရိုင်၊ ဒွန်းကျေဒီမြို့နယ်မှာ သူ့ရဲ့ ကိုယ်ပိုင်ကားတွင်း ကာဗွန်ဓာတ်ငွေ့တွေလွှတ်ပြီး ကားမှန်လုံချ သေဆုံးနေတဲ့အလောင်းကို တာဝန်ရှိသူတွေက တွေ့ရှိခဲ့တာပါ။
သူ့ရဲ့ မိတ်ဆွေတယောက်ကလည်း အမ့်ဖိချ်ဆုထောင်းန်ဟာ ကျားဖြန့်ဂိုဏ်းရဲ့ ငွေလိမ်ခံရပြီး စိတ်ဓာတ်ကျကာ အဆုံးစီရင်သွားခဲ့ပြီ၊ တာဝန်ရှိသူတွေအနေနဲ့ ကျားဖြန့်ဂိုဏ်းကို ဖမ်းဆီးပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ မေတ္တာရပ်ခံကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သေဆုံးသူ အမ့်ကလည်း ဒီမတိုင်ခင်က သူဟာ ကျားဖြန့်ဂိုဏ်းရဲ့ ငွေအလိမ်ခံရကြောင်း ရဲစခန်းကို တိုင်ကြားခဲ့ပေမဲ့ အမှုကိုသာလက်ခံပြီး ဘာမှဆောင်ရွက်ပေးတာမရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားပါတယ်။
ဇူလိုင် ၆ ရက်က ရေးတင်တဲ့ သူ့ရဲ့နောက်ဆုံးစာထဲမှာ “ဒီလိုအဖြစ်မျိုး ကိုယ့်ဆီရောက်လာမယ်လို့ တကယ်ထင်မထားဘူး၊ အရှင်လတ်လတ် လဲကျသူလိုဖြစ်ရတယ်၊ ပြဿနာတွေမြောက်မြားစွာ အဖြေရှာမရဘူး၊ အတွေးတွေကြောင်နေတယ်၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ထိ တွေးမိတယ်” လို့ ရေးသားထားပါတယ်။
ဒီနှစ်စပိုင်းက လူသုံးကုန်ပစ္စည်း ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီတခုဟာ လူမှုကွန်ရက်ကနေ သူ့ထံ ဆက်သွယ်လာတယ်၊ ကုမ္ပဏီအမည်နဲ့ဆိုတော့ သူလည်းလက်ခံခဲ့တယ်၊ ရင်းနှီးငွေ ဘတ် ၁,၅၆၀ စတင်ထည့်ဝင်တယ်၊ ပစ္စည်းတချို့ အလကားရတယ်၊ VIP အစုရှယ်ယာဝင်သူဖြစ်ဖို့ တကြိမ်လျှင် ဘတ် ၅,၀၀၀ နဲ့ ၅ ကြိမ် ငွေလွှဲပေးခဲ့တယ်၊ ဒါတင်မကဘဲ ကုမ္ပဏီထဲ အရေးပါပုဂ္ဂိုလ် (ရွှေအဆင့်) ဖြစ်ဖို့ ဘတ် ၅၀,၀၀၀ ဖိုး ထပ်လွှဲပေးတယ်၊ စုစုပေါင်း ဘတ် ၇၅,၀၀၀ ကုန်သွားတဲ့ခါ ကုမ္ပဏီကို ဆက်သွယ်မရတော့ဘဲ ပေ့ချ်လည်း ပိတ်သွားပါတယ်။ အဲဒီခါမှ အလိမ်ခံရတာသိသွားပြီး နခွန်းပထုန်ခရိုင် ကမ်ဖိုင်းဆဲန်နယ်မြေရဲစခန်းမှာ တိုင်ထားတယ်။ ရဲစခန်းက တိုင်ချက်ဖွင့်ပေးရုံပဲ ရှိပြီး အမှုက ဘာမှထူးခြားမှုမရှိဘူးလို့ သူနဲ့နီးစပ်သူက သတင်းထောက်တွေကို ပြောပါတယ်။
အမ့်ဖိချ်ဆုထောင်းန်ဟာ Miss Grand အလှမယ်ဒိုင်တယောက်ဖြစ်တဲ့အပြင် နာမည်ကြီး အလှပြင်ဆရာမတယောက်လည်းဖြစ်လို့ သေဆုံးသွားတဲ့အပေါ် အားလုံးက နှမျောတသ နေကြပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို ဇူလိုင် ၁၄ ရက်က မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ထိုင်းဆိုက်ဘာမှုခင်း ရဲတပ်ဖွဲ့ ရဲချုပ် သရိုင်းရုန်း ဖျူဖန်ကတော့ အဆိုပါငွေလိမ်ဂိုဏ်းကို ဖမ်းဆီး အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထောက်ကို ပြောပါတယ်။
Source: Thairath / CH7 News










