DVB Logo
Home
နိုင်ငံတကာ
ဘုန်းကြီးအပါး ၂၀ ကျော်နှင့် ဖောက်ပြန်ခဲ့သည့် ထိုင်းအမျိုးသမီး အရှုပ်တော်ပုံ 
DVB
·
July 14, 2025
ဘုန်းကြီးအပါး ၂၀ ကျော်နှင့် ဖောက်ပြန်ခဲ့သည့် ထိုင်းအမျိုးသမီး အရှုပ်တော်ပုံ 
Donate to DVB

ထိုင်းနိုင်ငံမှာ ဂွပ်ဖ်ဆိုတဲ့ အမျိုးသမီးတယောက်က နိုင်ငံအဆင့် ဆရာတော်ကြီးတွေ အပါအဝင် ထိုင်းသံဃာတော် အပါး ၂၀ ကျော်နဲ့ ဖောက်ပြန်တဲ့သတင်းက ထိုင်းသာသနာရေးလောကမှာ အခုတလော ပွက်လောရိုက်နေပါတယ်။

ဒီသတင်းတွေ မပြန့်ခင် ဇွန် ၂၇ ရက်က ထိုင်းနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေဟာ  ကျောင်းတိုက်ဘဏ္ဍာငွေ အရှုပ်အရှင်းကိစ္စ စစ်ဆေးဖို့ ဘန်ကောက် ဖရနခွန်းနယ်မြေရှိ သရီထွတ်ဆထိပ် ကျောင်းတိုက်ကို သွားရောက်စစ်ဆေးခဲ့ကြတယ်။

အဲဒီနောက် ကျောက်ခွန်အတ် အမည်ရှိ ကျောင်းထိုင်ဆရာတော်ဟာ အကြောင်းမဲ့ ပျောက်သွားတယ်၊ များမကြာခင် ဆရာတော်ဟာ လာအိုနယ်စပ် နောင်ခိုင်မြို့နယ် ကျောင်းတိုက်တခုမှာ လူဝတ်လဲနေတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပြန့်လာပြီး မျက်မြင်သက်သေ တချို့ကတော့ ဆရာတော်ဟာ လာအိုနိုင်ငံဘက်ကမ်းကို ကူးသွားပြီလို့  ပြောကြပါတယ်။

တချိန်တည်းမှာပဲ ဆရာတော်ဟာ ဒါယိကာမတယောက်နဲ့  ဖောက်ပြန်နေတဲ့ မဖွယ်မရာပုံတွေ လူမှုကွန်ရက်မှာ ပြန့်လာပါတယ်။ ကျောက်ခွန်အတ်ဆိုတဲ့ ဆရာတော်မှာ သက်တော် ၅၄၊ ဝါတော် ၃၄ ရှိပြီး ထိုင်းနိုင်ငံရဲ့ ဗဟိုသံဃနာယကအဖွဲ့ဝင်လည်းဖြစ်၊ သာသနာ့နယ်မြေ ၁၄ နဲ့ ၁၅ ကို တာဝန်ယူထိန်းသိမ်းနေတဲ့ ဆရာတော်လည်း ဖြစ်သလို နိုင်ငံတော်အဆင့် ဘာသာ သာသနာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေမှာ အမြဲပါဝင်ရတဲ့ နာမည်ကြီးဆရာတော် ဖြစ်တာကြောင့် ဒီသတင်းတွေ ထွက်ပေါ်လာတဲ့အခါမှာ ထိုင်းပြည်သူတွေ အလွန်အံ့အားသင့်သွားကြပါတယ်။

ဒီထက်ပိုပြီး အံ့ဩစရာကောင်းတာကတေ့ အဲဒီအမျိုးသမီးဟာ ကျောက်ခွန်အတ် ဆရာ တော်နဲ့တင် မကဘဲ တခြားသံဃာတွေနဲ့ပါ ဖောက်ပြန်တဲ့ပုံတွေပါ ထွက်ပေါ်လာတာပါ။

အဆိုပါ  အမျိုးသမီးဟာ အသက် ၃၅ နှစ်ရွယ် ဂွပ်ဖ်ဖြစ်ပြီး သူဟာ ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာပေမဲ့ ဘုန်းကြီးတွေနဲ့ ဖောက်ပြန်တဲ့နောက် တလ ဘတ် ၅၀,၀၀၀ ပေးရတဲ့ တန်ဖိုးကြီးတိုက်ခန်းမှာ နေထိုင်ကာ ဇိမ်ခံကားအစီးရေ ၂၀ လောက် ထည်လဲစီးနိုင်သူ၊ နာမည်ကြီး အမှတ်တံဆိပ် ကုန်ပစ္စည်းတွေသာသုံးတဲ့ သူဌေးမတယောက်လို ပြုမူနေထိုင်တယ်လို့  လူမှုကွန်ရက်မှာ ဖော်ထုတ်လာပါတယ်။

ဂွပ်ဖ်ဟာ နာမည်ကြီးကျောင်းတိုက်တွေကိုသွားပြီး အလှူအတန်းရက်ရောတဲ့ ပုံစံနဲ့ ဆရာတော်တွေကို ချဉ်းကပ်တယ်၊ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ အချစ်ရေးမှာ ကံမကောင်းသူလို့ ညည်းတွားပြီး ဘုန်းကြီးတွေ သနားအောင်လုပ်တယ်၊ ဘုန်းကြီးနဲ့ ရည်ငံတော့ ကလေးယူပြီး ကလေးထောက်ပံ့ဖို့ အကြောင်းပြကာ ဘုန်းကြီးထံက ငွေတွေ ဘတ်သန်းနဲ့ချီ ချူစားတယ်လို့ အကြောင်းသိတွေက ပြောပါတယ်။ တချို့ဘုန်းကြီးတွေနဲ့တော့ ကလေးမရပေမဲ့ ဖောက်ပြားတဲ့ပုံတွေ ဗွီဒီယိုရိုက်ထားပြီး ငွေညှစ်တယ်၊ ဘုန်းကြီးတွေက နာမည်ပျက်မှာ စိုးတာကြောင့် တောင်းသမျှငွေ ရှာပေးရတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က လိုအပ်သလို စုံစမ်းထောက်လှမ်းပြီး သက်သေအထောက်အထားတချို့နဲ့အတူ  ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်က ဗဟိုရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကျရွန်းကစ် ဘန်ကယောက် ကိုယ်တိုင် ဦးဆောင်ကာ သူနေထိုင်တဲ့ နွန်ထပူရီခရိုင်ရှိ နေအိမ်မှာ သွားရောက် စစ်ဆေးမေးးမြန်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သွားတွေ့တဲ့ အနေအထားကတော့ ဂွပ်ဖ်ဟာ အရင်လို ပိန်သွယ်သွယ် မိန်းမလှ မဟုတ်တော့ဘဲ ခါးတုတ်တုတ်နဲ့ မပြုမပြင်တီရှပ်ကိုသာ ဝတ်ဆင်တဲ့ သာမန်အမျိုးသမီး တယောက် ဖြစ်နေတယ်၊ လူနေမှုအဆင့်အတန်းမှာလည်း ခါတိုင်းလို သူဌေးစတိုင် မပေါက်တော့ပါဘူး။

သူကတော့ ဘုန်းကြီးတွေနဲ့ ဖောက်ပြားတာကို ဝန်ခံတယ်၊ တပြိုင်တည်း ဖောက်ပြန်တာတော့ မဟုတ်ဘူး၊ ချစ်မေတ္တာကြောင့်လို့ ပြောတယ်၊ ဘုန်းကြီးတွေကို ကြိုက်တဲ့အကြောင်း သူကပဲ စပြောခဲ့တယ်၊ တချို့ဘုန်းကြီးတွေကို သူကပဲ ထောက်ပံ့ရတယ်၊ အရင်က ချမ်းသာခဲ့တဲ့ ငွေတွေဟာ အွန်လိုင်းလောင်းကစားမှုကြောင့် ဆုံးရှုံးခဲ့ရတယ်၊ ကားတွေလည်း ရောင်း ချပစ်ရတယ်၊  သူမမှာ သိုင်းရွိုက်ရောဂါခံစားနေရလို့ ခန္ဓာကိုယ်လည်း ပုံပျက်ပန်းပျက်ဖြစ်သွားရ တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေ ရှာဖွေဖို့ ဂွပ်ဖ်ရဲ့ တယ်လီဖုန်း ၅ လုံးကို သိမ်း ယူခဲ့တာမှာ အဲဒီထဲမှာ ဘုန်းကြီးတွေနဲ့ ကာမဂုဏ် ပျော်ပါးနေတဲ့ပုံ ဓာတ်ပုံပေါင်း ၈၀,၀၀၀ ကျော်၊ ဗွီဒီယို ၅,၀၀၀ ကျော်ရှိတယ်၊ အဲဒီပုံတွေကို မကြည့်လို မမြင်လိုပေမဲ့ တာဝန်ဝတ္တရားအရ ကြည့်ရှု စစ်ဆေးရမယ်လို့ ရဲချုပ်ကြီးက ပြောပါတယ်။

ဂွပ်ဖ်ဟာ ဘုန်းကြီးတွေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စတင်ဖောက်ပြန်ခဲ့ပြီး ဗိစနုလုတ်ခရိုင်မှ ဆရာတော်နဲ့ အသက် ၁၃ နှစ်ရွယ် သမီးတယောက်၊ ဗုဒ္ဓတက္ကသိုလ်မှ ဓမ္မကထိကဆရာတော်နဲ့ အသက် ၁၀ နှစ်ရွယ် သားတယောက်၊ ဖိကျစ်ခရိုင်မှ ဆရာတော်တပါးနဲ့ အသက် ၆ နှစ်ရွယ် သားတယောက် ရခဲ့တယ်၊ သမီးကြီးရဲ့ ဖခင်အမည်မှာ ဆရာတော်နာမည် ထည့်ထားတယ်၊ ဆရာတော်ကတော့ ကလေးမှာ အဖေမရှိလို့ သနားလို့ သူ့နာမည်သုံးခွင့်ပေးထားတာလို့ ပြောပါတယ်။ ဒုတိယကလေးကတော့ ဖခင်မှာ လူဝတ်လဲတာကြာပြီ၊ ကလေးအသက်ကို တွက်ကြည့်ကာ လူဝတ်မလဲခင်ကတည်းက ကိုယ်ဝန်ရှိတယ်လို့ ဆိုပါတယ်။ တတိယကလေးကတော့ ဘုန်းကြီးက လက်မခံလို့ ဆွေမျိုးတယောက်က ဖခင်အမည်ခံပေးထားတယ်လို့ ဆိုပါတယ်။

ကနဦးဖြစ်စဉ်မှာ လူမှုကျင့်ဝတ်နဲ့ သီလ ဖောက်ပြန်ခြင်းဖြစ်လို့ သူ့ကို အရေးယူလို့ မရသေးကြောင်း၊ ဒါပေမဲ့ ဘုန်းကြီးတွေရဲ့ ငွေစာရင်းတွေ ပြန်လည်စစ်ဆေးရမယ်၊ ဘုန်းကြီးက သူ့ကို လွှဲပေးတဲ့ငွေတွေဟာ ကျောင်းတိုက်ပိုင် အလှူငွေတွေဖြစ်ရင် ငွေကြေးခဝါချမှုတွေနဲ့ အရေးယူရမယ်၊ ဘုန်းကြီးတွေကိုတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဝိနည်းပညတ် ချိုးဖောက်မှုတွေနဲ့ ကနဦး အရေးယူလိမ့်မယ်၊ မိမိကိုယ်မိမိ လိပ်ပြာမလုံတဲ့ သံဃာအချို့ လူဝတ် လဲကုန်ကြပြီ၊ ကျန်သူတွေလည်း မိမိအသိစိတ်နဲ့မိမိ လူဝတ်လဲကြဖို့ တိုက်တွန်းတယ်၊  စစ်ဆေးတွေ့ရှိမှ အရေးယူခံရရင် ပြစ်ဒဏ်ပိုကြီးမယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မျိုးဟာ ထိုင်းနိုင်ငံမှာ မကြုံစဘူး၊ သာသနာတော် ညှိုးနွမ်းစေတဲ့ ဖြစ်ရပ်မို့ ထိုင်းဗဟို ရဲတပ်ဖွဲ့၊ ဗဟိုသံဃဝန်ဆောင်အဖွဲ့၊ မဟာထေရဝါဒအသင်းကြီးနဲ့ သာသနာရေးဦးစီးဌာနက တာဝန်ရှိသူတွေဟာ ဇူလိုင် ၁၃ ရက်က စတင်ဆွေးနွေးနေကြပါတယ်။

ဒါယိကာမ ဂွပ်ဖ်နဲ့ ပတ်သက်သူ သံဃာပေါင်း ၂၀ ခန့်ရှိမယ်လို့ ခန့်မှန်းရတယ်၊ ၇ ပါး လူဝတ်လဲပြီးဖြစ်တယ်၊ တချို့ကတော့ ကာမဖောက်ပြန်တာမဟုတ်ဘဲ ငွေကြေးအရ ပတ်သက်နေသူတွေ ဖြစ်တယ်၊ ဘယ်သူက ဘယ်လိုပတ်သက်တယ်၊ ကျောင်းပိုင်ငွေ အလွဲသုံးစားမှု မြောက်မမြောက်၊ လောင်းကစားမှုမှာ ပါဝင်ခြင်းရှိမရှိ  စတာတွေကို အသေးစိတ် စစ်ဆေးရဦးမယ်လို့ ရဲချုပ်ကြီး ကျရွန်းကစ်က သတင်းထောက်တွေကို ပြောသွားပါတယ်။

Source: Thairath / 3Plus News / ThaiPBS News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013