
ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီတွေ အရင်ကသုံးခဲ့တဲ့ နေရာ ၃ ခုကို UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းထဲမှာ ကမ္ပည်းထိုး ပေါင်းထည့်ထားပြီးတဲ့နောက် နိုင်ငံတဝန်းက အစိုးရဝန်ကြီးဌာနတွေနဲ့ ဘုရားစေတီတွေမှာ ဇူလိုင် ၁၃ ရက်က ဗုံတီးဂုဏ်ပြုတဲ့ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
ဖနွမ်းပင်မြို့တော်က တိုစလိန်းအကျဉ်းထောင်ဟောင်းနဲ့ ချုံးအက် လူသတ်ကွင်းတွေ၊ ကမ်ပုံချနာပြည်နယ်က M-13 အကျဉ်းထောင်ဟောင်းတို့ကို UNESCO က ကမ္ဘောဒီးယားရဲ့ အောက်မေ့ဖွယ်နေရာတွေ၊ ဒါမှမဟုတ် ဖိနှိပ်မှုဗဟိုချက်ကနေ ငြိမ်းချမ်းရေးနဲ့ အလေးအနက် ဆင်ခြင်သုံးသပ်ရေးအတွက် နေရာတွေအဖြစ် ပါရီမြို့တော်မှာ ဇူလိုင် ၁၁ ရက်က ကြေညာခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနက အထိမ်းအမှတ် ဗုံတီးတဲ့ အခမ်းအနားကို တနင်္ဂနွေနေ့က ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။
“ဒါဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကာလရှည်ကြာ တိုက်ပွဲဝင်မှု၊ ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ဒုက္ခသည်တွေအတွက် တရားမျှတမှုကို ရှာဖွေပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုတွေကို ပြသတဲ့ ကမ္ဘာ့စံပြတရပ်ပါ” လို့ ယာယီယဉ်ကျေးမှုဝန်ကြီး ဟပ်(ပ်)တူက ပြောပါတယ်။
နိုင်ငံရဲ့ ခါးသီးတဲ့ သမိုင်းကြောင်းကို လူငယ်တွေမှတ်မိဖို့ အရေးကြီးတယ်လို့ ဝန်ကြီးဌာန တာဝန်ရှိသူ ဘွန်ဆိုခက ပြောပါတယ်။
စာရင်းအသစ်အရ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပဉ္စမမြောက် ကမ္ဘာ့အမွေအနှစ်နေရာဖြစ်ပြီး ခေတ်သစ် သမိုင်းကို ပထမဆုံး အမည်စာရင်းတင်သွင်းတာလည်း ဖြစ်ပါတယ်။
မကြာသေးမီက ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပထမဆုံးသော အရာတွေထဲမှာ ပါတယ်လို့လည်း ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ပါတယ်။
၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အတွင်း ပိုပေါ့အစိုးရ လက်ထက်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကနေ ၂ ဒသမ ၂ သန်းအကြား သေဆုံးခဲ့ပြီး အများစုက ငတ်မွတ်ခေါင်းပါးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ ကွပ်မျက်ခြင်းတို့ကြောင့် သေဆုံးခဲ့တာပါ။
လက်ရှိမှာ လူမျိုးတုံးသတ်ဖြတ်မှုပြတိုက်အဖြစ် ဖွင့်လှစ်ထားတဲ့ တိုစလိန်းအကျဉ်းထောင် တခုတည်းမှာ လူ ၁၅,၀၀၀ လောက် အကျဉ်းချခံခဲ့ရပါတယ်။
Source: Reuters










