
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီ အခြေစိုက် ဥကရစ်ထစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက် မွန်းတည့် ၁၂ နာရီလောက်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်တပ်မှူးတယောက်က ပြောသည်။
အဆိုပါစခန်းကို ဇွန် ၂၆ ရက်ကတည်းက KNLA ပူးပေါင်းတပ်တွေက စတင် ထိုးစစ်ဆင်ခဲ့ပြီး ဇူလိုင် ၁၂ ရက်နေ့မှ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဥကရစ်ထ စခန်းမှာ စကခ ၁၃ လက်အောက်ခံ ခမရ ၅၅၈ က စခန်းထိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံး၊ ၁ ယောက် အရှင်မိခဲ့ပြီး အယောက် ၉၀ လောက် ထွက်ပြေးသွားတယ်လို့ ကရင်တပ်မှူးက ပြောပါတယ်။
သီတင်း ၂ ပတ်ကျော် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က MIG-29 နဲ့ YAK-130 အမျိုးအစား တိုက်လေယာဉ်တွေနဲ့ အကြိမ် ရာချီ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မြဝတီမြို့တောင်ဘက်မှာ ဥကရစ်ထနဲ့ ဝေါ်လေဗျူဟာ ခံစစ်ကုန်း ၂ ခု ကပ်လျက်ရှိတာကြောင့် ဥကရစ်ထ တောင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် မကြာခင် ဝေါ်လေဗျူဟာကုန်းလည်း ဆုတ်ခွာသွားလိမ့်မယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။










