
စစ်မှုထမ်းအပတ်စဥ် ၁၅ အတွက် ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ ဇူလိုင် ၁၁ ရက် မနက်က လူငယ်တွေကို တိုင်းစစ်ဌာနချုပ်ကတဆင့် စစ်ယာဥ်တန်းတွေနဲ့ သင်တန်းကျောင်းတွေကို ပို့ဆောင်နေတယ်လို့ မြိုခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာရှိနေတဲ့ တပ်ရင်းတွေဟာ ဇူလိုင် ၉ ရက်ကတည်းက လူငယ်တွေကို တိုင်းစစ်ဌာနချုပ်ကိုပို့ခဲ့ပြီး တိုင်းစစ်ဌာနချုပ်ကနေ စစ်ယာဥ်တန်းတွေနဲ့ သင်တန်းကျောင်းကို ပို့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“တပ်ရင်းတွေက ၈ ရက်ကတည်းက နတခကို ပို့နေတာ၊ အဲ့မှာလူစုပြီးမှ စခတ ၆ ရွှေမြင်တင်နဲ့ တကက ၅ ကွင်းကောက်ကိုပို့တာ။ ဒီတခေါက်က အရင်လတွေထက် လူများတယ်။”
အလားတူ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ တပ်ရင်းတွေကလည်း စစ်မှုထမ်းအပတ်စဥ် ၁၅ အတွက် လူငယ်တွေကို ဇူလိုင် ၁၀ ရက်က ကမ်းကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ကို ပို့နေတယ်လို့ မြိတ်မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“တပ်ရင်းတွေက လာပို့တဲ့လူငယ်တွေကို ကရခ မှာစုပြီး တကက ၁၂ ပလောက်ကို ပို့တာ။ အခြား သင်တန်းကျောင်းတွေတော့ မသိဘူး၊ ကရခ က လူရှိအကုန် တခါတည်း ပလောက်ကိုပို့တာ။ လုံခြုံရေးအခြေအနေမကောင်းဘူး။”
မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ စစ်သင်တန်းကျောင်းတွေမှာ ဇူလိုင် ၄ ရက်ကမှ စစ်မှုထမ်းအပတ်စဥ် ၁၂ ကို သင်တန်းဆင်းခဲ့ပြီး တပတ်အကြာမှာ စစ်မှုထမ်းအပတ်စဥ် ၁၅ အတွက် လူသစ်စုဆောင်းပို့ဆောင်တာဖြစ်ပါတယ်။
လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆိုအပတ်စဥ် ၁၆ အထိ ရောက်လာပြီဖြစ်ပါတယ်။










