
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုကို အခင်အမင်မပျက် တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းဖို့ တရုတ်က တိုက်တွန်းလိုက်ပြီး “ဘက်မလိုက်၊ မျှတ” တဲ့ ရပ်တည်ချက်ကို ကိုင်စွဲပြီးတော့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။
မလေးရှားမှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာနဲ့ တွေ့ဆုံစဉ်မှာ အိမ်နီးချင်းတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြဖို့ တိုက်တွန်းခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
မိုင် ၅၁၀ ထိစပ်နေတဲ့ နှစ်နိုင်ငံနယ်စပ်မှာ မေ ၂၈ ရက်က အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယားစစ်သားတယောက် သေဆုံးခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေတာပါ။
ပိုင်နက်အငြင်းပွားမှုဖြေရှင်းဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကမ္ဘောဒီးယားက တိုင်ကြားထားပါတယ်။
နယ်စပ်ကိစ္စမှာ ဘက်မလိုက်ဘူးလို့ ဝမ်ယိက ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းနဲ့ တနေ့တည်းမှာပဲ သီးခြားတွေ့ဆုံရာမှာ ထပ်မံအာမခံခဲ့ပါတယ်။
တရုတ်နိုင်ငံသားတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ကာကွယ်ဖို့ လုံခြုံရေးအစီအမံတွေ ထားရှိဖို့၊ အွန်လိုင်းလောင်းကစား၊ လိမ်လည်မှု၊ အတုလုပ်မှု၊ မှောင်ခိုလုပ်မှု စတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုတဲ့ အကျိတ်ကို အပြီးတိုင် အမြစ်ဖြတ်ဖို့ပါ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
Source: Reuters