DVB Logo
Home
နိုင်ငံတကာ
ဟွန်ဆန်ကို စိတ်နာသဖြင့်  နာမည်ပင်မမှတ်မိချင်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော 
DVB
·
July 11, 2025
ဟွန်ဆန်ကို စိတ်နာသဖြင့်  နာမည်ပင်မမှတ်မိချင်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော 
Donate to DVB

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွါးမှုပြဿနာ အလွတ်သဘောဆွေးနွေးရင်း ဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ် ရာထူးကနေ ဆိုင်းငံ့ခံရတဲ့ထိဖြစ်စေခဲ့တဲ့ ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်ကို စိတ်နာလို့ နာမည်တောင် မမှတ်မိချင်တော့ဘူးလို့  ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က ထုတ်ဖော်ပြောလိုက်ပါတယ်။

ဇူလိုင် ၁၀ ရက်က ကျင်းပသွားတဲ့  Nation Group Exclusive Talk စကားဝိုင်းမှာ ထိုင်း-ကမ္ဘောဒီးယားရဲ့ ပိတ်သောလမ်းအားဖြိုခွင်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆွေးနွေးစဉ် သက်ဆင်ရှင်နာဝပ်က ခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

နှစ်ပေါင်း ၃၀ ကျော် ညီအစ်ကိုရင်းတမျှချစ်ခင်ခဲ့တဲ့ သူတို့ ၂ ယောက်ရဲ့ ဆက်ဆံရေး ပြတ်တောက်သွားရတဲ့ အဓိကအကြောင်းရင်းကို  မေးမြန်းရာမှာ သူ့သမီး ( ထိုင်းဝန်ကြီးချုပ် )နဲ့  အလွတ်သဘောပြောဆိုတဲ့ အသံဖိုင်ကို  ဟွန်ဆန်က ဖြန့်ဝေလိုက်တာ သိရတော့ အံ့အားသင့်သွားရတယ်လို့ သက်ဆင်က ပြောပါတယ်။

“ဟွန်ဆန် ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာကို ဘယ်ဦးနှောက်နဲ့ စဉ်းစားရမှန်းမသိအောင်ကို  ဖြစ်ခဲ့တယ်။ ဒီလိုလုပ်တာဟာ နှစ်ဖက်စလုံးအတွက်မကောင်းဘူး။ ဟွန်ဆန်ဟာ သူ့ကိုယ်သူ ပြန်ရိုက်တာနဲ့ အတူတူပဲ။ သူဒီလိုလုပ်လိုက်တော့  ဘယ်သူမှသူ့ကိုမယုံကြည်တော့ဘူး။ ဘယ်သူမှ သူနဲ့ မဆွေးနွေးချင်တော့ဘူး။ အသံခိုးဖမ်းထားမှာစိုးလို့။ ကျနော်က ဟွန်ဆန်ကို ခင်ဗျားသားလည်း ဝန်ကြီးချုပ်၊ ကျနော့်သမီးလည်း ဝန်ကြီးချုပ် ၂ နိုင်ငံစစ်ဖြစ်စေချင်တာလားလို့  ကျနော်မေး လိုက်တယ်။ သူနဲ့ တိုက်ရိုက်မပြောချင်တော့လို့ ဘာသာပြန်ကနေတဆင့် ပြောလိုက်တယ်။ သူဘာမှ ပြန်မပြောဘူး။”

ဒီမတိုင်ခင်ရှေ့က ဘာတွေဖြစ်ခဲ့လဲလို့  စကားဝိုင်းဆွေးနွေးသူက မေးရာမှာ သက်ဆင်က “ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်တော့ ကျနော်က ကော်လ်စင်တာ ( ကျားဖြန်ဂိုဏ်း ) တွေ နှိမ်နင်းမယ်လို့ ပြောခဲ့တယ်။ ကမ္ဘောဒီးယားနိုင်ငံ ဘွိုင်းပက်က ၂၅ ထပ်တိုက်ကြီးဟာ ကျားဖြန့်တွေနေထိုင်ပြီး ကျနော်တို့ ထိုင်းပြည်သူတွေရဲ့ ငွေတွေကိုလိမ်ယူနေတယ်လို့ ပြောခဲ့တယ်။ နယ်စပ်ပြဿနာဖြစ်တော့ ဟွန်ဆန်က ဝန်ကြီးချုပ်နဲ့ စကားပြောချင်တယ်လို့ ချိန်းတယ်။ သမီးက ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်အတွင်းရေးမှူးတွေခေါ်ပြီး သူနဲ့စကား ပြောဖို့ စောင့်တယ်၊ တဘက်က ဟွန်ဆန်အိပ်ပျော်နေလို့ ခဏစောင့်ဖို့ ပြောတယ်။ ၂ နာရီကျော် ၃ နာရီနီးပါးစောင့်ပြီး မဆက်သွယ်လာတော့ ဒီဘက်ကလူစုခွဲလိုက်တယ်။ ခဏကြာတော့ သူဖုံးဆက် လာတယ်၊ သမီးတယောက်တည်းရှိတဲ့အချိန်ကို ရွေးပြီးဆက်တယ်လို့ ယူဆရတယ်။ ပြီးတော့ အလွတ် သဘောဆွေးနွေးတယ်။ ပိတ်ထားတဲ့နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ ပြောတယ်။ ဒီဘက်ကလည်း ညှိနှိုင်းဆောင်ရွက်ပေးမယ်ပေါ့။ နောက်နေ့ကျတော့ စစ်တပ်ဘက်ကလည်း နယ်စပ်လုံခြုံရေး သူတို့အစီအစဉ်နဲ့ သူတို့ဆောင်ရွက်နေတာရှိပါလိမ့်မယ်။  နယ်စပ်ဂိတ်ပိတ်တယ်၊ အဲဒီကိစ္စပေါ်မှာ မကျေနပ်ဘူးလို့  ထင်တာပဲ” လို့ သက်ဆင်က ပြောသွားပါတယ်။

ဟွန်ဆန်က လူကြီးမင်းကို နေမကောင်းချင်ယောင်ဆောင်တယ်လို့ ဖော်ကောင်လုပ်တဲ့အပေါ် ကောာ ဘယ်လိုမြင်လဲလို့ မေးရာမှာ သက်ဆင်က သူပြောချင်ရာ လျှောက်ပြောပါစေ၊ ကျနော်ပြဿနာမရှိဘူးလို့ တုံ့ပြန်ပါတယ်။

ဒီကိစ္စတွေကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ရန်သူဖြစ်သွားပြီလားလို့ မေးရာမှာ သက်ဆင်က မဖြစ်ပါဘူး၊ ဒါက နယ်စပ်ကနယ်ပယ် အငြင်းပွါးမှုသာဖြစ်တယ်၊ ဆွေးနွေးညှိနှိုင်းလို့ရပါတယ်။ ကျနော်တို့မှာ ရှည်လျားတဲ့ သမိုင်းကြောင်းရာဇဝင်တွေရှိတယ်၊ ဒေသနေပြည်သူတွေ အသိဆုံးပဲ၊ ဆွေးနွေးမယ့် JBC ၊ RBC စတဲ့ နယ်ခြားကော်မတီတွေလည်းရှိတာပဲ၊ တတိယအုပ်စုက ကြားဝင်ပြီးဖြေရှင်းပေးဖို့ မလိုအပ်ပါဘူးလို့ သက်ဆင်က ပြောပါတယ်။

ဟွန်ဆန်နဲ့ အခုအချိန်မှာ  ညီအစ်ကိုလိုဖြစ်သေးလားလို့ မေးရာမှာ  သက်ဆင်က “ဖြစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ကျနော့်သမီးပေါ်ဒီလောက်တောင် လုပ်ရက်တာ။ စိတ်နာလို့ နာမည်ကိုတောင် မမှတ်မိချင်တော့ဘူး။ ကိုယ်ရေးကိုယ်တာနဲ့ တိုင်းပြည်အရေးဆိုရင်တော့ တိုင်းပြည်အရေးကို ဦးစားပေးတယ်” လို့  ဖြေကြားသွားပါတယ်။

လက်ရှိအခြေအနေမှာ ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနယ်စပ် အဝင်အထွက်ဂိတ်တွေ တင်းကျပ်ထားပြီး နယ်စပ်က ဘွိုင်းပက်အထူးစီးပွါးရေးဇုန်နယ်မြေကို လျှပ်စစ်မီး၊ အင်တာနက်လိုင်း ဖြန့်ဝေတာတွေလည်း ပိတ်ထားပါတယ်။

ဒါ့အပြင် ဟွန်ဆန်နဲ့ အလွန်နီးစပ်တဲ့ ကမ္ဘောဒီးယားလွှတ်တော်အမတ်လည်းဖြစ် လုပ်ငန်းရှင်သူဌေးကြီးလည်းဖြစ်တဲ့ ကုတ်အန်ကို ကျားဖြန့်ဂိုဏ်းနဲ့  ပတ်သက်မှု ၊ ငွေကြေးခဝါချမှု၊ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ထားပြီး ထိုင်းမှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှု ဘတ်သန်း‌ပေါင်း ၁, ၀၀၀ ကျော်ကိုလည်း သိမ်းဆည်းလိုက်ပါတယ်။ 

Source: Nation TV Live 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013