
ထောင်ဒဏ်တနှစ် ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ၈ လကြာ ထောင်ဒဏ်ကျခံခဲ့ရအပြီးမှာ ကတိခံဝန်ချုပ်နဲ့ မေ ၁၁ ရက် မနက်ပိုင်းမှာ ပြန်လွတ်လာပါတယ်။
သက်ဆင်ကို မိသားစုဝင်တွေနဲ့ ထောက်ခံသူ ၃၀၀ လောက်က ခလောင်းပရိမ်း ဗဟိုအကျဉ်းထောင်ရှေ့မှာ စုရုံး ကြိုဆိုခဲ့ကြပါတယ်။
အကျဉ်းထောင်ဂိတ်ကနေ ထွက်လာတဲ့ သက်ဆင်ကို သမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဖဲထောင်းထန်း ရှင်နာဝပ်က အရင်ဆုံး ပွေ့ဖက် ကြိုဆိုခဲ့ပါတယ်။
သက်ဆင်ဟာ အဖြူရောင် ပိုလိုရှပ်အင်္ကျီနဲ့ အပြာရောင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး ထောက်ခံသူတွေကို ပြုံးပြ နှုတ်ဆက်ခဲ့ပါတယ်။
သက်ဆင်ဟာ ခံဝန်ချုပ်ကာလမှာ စက်တင်ဘာ ၉ ရက်အထိ အီလက်ထရောနစ်ခြေချင်း (EM Bracelet) တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။
သက်ဆင်ဟာ အာဏာအလွဲသုံးစားလုပ် စွဲချက်တွေအတွက် ၂၀၂၃ ခုနှစ်မှာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပေမဲ့ ထိုင်းဘုရင်က တနှစ်အထိ လျှော့ပေါ့ပေးခဲ့ပါတယ်။
အဲဒီနောက် ကျန်းမာရေးအကြောင်းပြချက်နဲ့ ရဲဆေးရုံမှာ နေထိုင်ခဲ့ပါတယ်။ အဲဒီကာလတွေကို ထောင်ဒဏ်ကျခံချိန်အဖြစ် အသိအမှတ်မပြုဘူးလို့ တရားရုံးချုပ်က ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ အမိန့်ချခဲ့ပါတယ်။
ဒါကြောင့် အကျဉ်းထောင်ထဲ ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး ထောင်ဒဏ် အမှန်တကယ် ကျခံခဲ့ရပါတယ်။
သူတည်ထောင်ခဲ့တဲ့ ဖွေထိုင်းပါတီဟာ ဒီနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ တတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့ပြီး လက်ရှိ ညွန့်ပေါင်းအစိုးရမှာ ပါဝင်နေပါတယ်။
Source: Reuters










