
ပင်လယ်နီမှာ တပတ်အတွင်း ဒုတိယမြောက် ကုန်သေတ္တာတင် သင်္ဘောတစင်းကို ယီမင် ဟူသီအဖွဲ့က ပစ်ခတ်နှစ်မြှုပ်ခဲ့အပြီးမှာ သင်္ဘောသား ၆ ယောက်ကို ကယ်ဆယ်ထားနိုင်ပြီး ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဥရောပ ရေတပ်မစ်ရှင်တခုက ထုတ်ပြန်ပါတယ်။
လိုက်ဘေးရီးယားအလံ လွှင့်ထားပြီး ဂရိနိုင်ငံက လုပ်ကိုင်နေတဲ့ ရေယာဉ်အမှုထမ်း ၂၅ ယောက်ပါ Eternity C သင်္ဘောကို ဇူလိုင် ၇ ရက်နဲ့ ၈ ရက်မှာ လှေငယ်တွေကနေ ဗုံးလောင်ချာ (RPG) တွေနဲ့ ပစ်ခတ်မှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးပြီး နစ်မြုပ်သွားခဲ့ပါတယ်။ နစ်မြုပ်သွားပုံ ဗီဒီယိုင်ဖိုင်ကို ဇူလိုင် ၉ ရက်မှာ ဟူသီတွေက ထုတ်ပြန်ပေးခဲ့ပါတယ်။
ဒီသင်္ဘောဟာ အစ္စရေးကို ဦးတည်နေလို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီအဖွဲ့က ထုတ်ပြန်ပါတယ်။
အရေအတွက် မဖော်ပြထားတဲ့ ရေယာဉ်အမှုထမ်းတချို့ကိုတော့ ဘေးကင်းရာ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ယီမင်မှာရှိတဲ့ အမေရိကန်သံရုံးကတော့ ဟူသီတွေဟာ အသက်ရှင်ကျန်ရစ်တဲ့ အမှုထမ်းတွေကို ပြန်ပေးဆွဲသွားတာဖြစ်ပြီး ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။
၂၅ ယောက်ထဲက ၂၁ ယောက်ဟာ ဖိလစ်ပိုင်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ဟူသီအဖွဲ့ဟာ အလားတူ လိုက်ဘေးရီးယားအလံလွှင့်၊ ဂရိနိုင်ငံက လုပ်ကိုင်နေတဲ့ Magic Seas အမည်ရ ကုန်သေတ္တာသင်္ဘောကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နှစ်မြှုပ်ခဲ့ပါတယ်။
Source: Reuters