
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ကရင်တိုင်းရင်းသူ အမျိုးသမီးတယောက် အပါအဝင် အရပ်သား ၃ ယောက်ကို PDF ထောက်ပို့လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ဇူလိုင် ၉ ရက် ညနေပိုင်းက ကျုံပျော်မြို့နယ်၊ ဒိုက်ပျက်ကျေးရွာက ကရင်တိုင်းရင်းသူ မနော်ဖောအယ်ဝါး ဆိုသူနဲ့ ဇူလိုင် ၆ ရက်မှာ ဖီစလောင်ကျေးရွာက နောက်ထပ် အရပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတယောက်က “မနော်ဖောကိုက သူ့အမျိုးသားကို လာဖမ်းတာ၊ သူ့အမျိုးသားကို မတွေ့လို့ သူ့ကိုဖမ်းသွားတာလို့ သိရတယ်။ နောက်ထပ် ၂ ယောက် အပါအဝင် အားလုံးကို PDF ထောက်ပို့လို့ စွပ်စွဲဖမ်းတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ အယောက် ၃၀ လောက်က မနော်ဖောအယ်ဝါးကို ဖမ်းဆီးသွားပြီး အိမ်ကိုပါ တခါတည်း ချိပ်ပိတ်သွားကာ တခြားသူတွေကိုတော့ နေအိမ်တွေမှာ သွားဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “မိန်းကလေးတယောက်နဲ့ ယောကျ်ားလေး ၂ ယောက်ကို ဖမ်းထားတာလို့ သိရတယ်။ PDF ထောက်ပို့တွေလို့ ဆိုပြီးဖမ်းတာ။ သတင်းပေးတွေကြောင့် အရဖမ်းတာလို့ သိရတယ်” လို့ ပြောပါတယ်။
အဲဒီ စွပ်စွဲဖမ်းဆီးခံရတဲ့ အရပ်သား ၃ ယောက်ကို ကျုံပျော်မြို့နယ်၊ ဒိုက်ပျက် နယ်မြေရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ကျုံပျော်မြို့နယ်မှာ အရပ်သားတွေကို စစ်ကောင်စီက ခေါင်းစဉ်အမျိုးမျိုးတပ် ဖမ်းဆီးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၁၃ ရက်ကလည်း အရပ်သား ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။