
ဒီနှစ်အတွင်း မြောက်ကိုရီးယားသင်္ဘောတွေ ပင်လယ်မှာ သောင်တင်ကာ တောင်ကိုရီးယားဘက်ကို မျောလာခဲ့ပြီးနောက် တောင်ကိုရီးယားဟာ မြောက်ကိုရီးယား ၆ ယောက်ကို ဇူလိုင် ၉ ရက် ဒီနေ့ ပြန်ပို့ပေးခဲ့ကြောင်း ဆိုးလ်ရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံသားတွေဟာ အိမ်ပြန်မယ်လို့ သူတို့ဆန္ဒကို အကြိမ်ကြိမ် ထုတ်ပြောခဲ့ကြတယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။
တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေးဆိုင်ရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူဗြောင်းဆမ်းက “မတ်လတုန်းက အနောက်ပင်လယ်ကနေ ကယ်ဆယ်ခဲ့ပြီး မေလမှာ အရှေ့ပင်လယ်ကနေ ကယ်ဆယ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသား ၆ ဦးကို အစိုးရက ဒီနေ့ပဲ ပြန်ပို့ပေးလိုက်ပြီး သူတို့ကို အရှေ့ပင်လယ်ကနေ ဝိုင်းရံပြီး ပြန်ခေါ်ပေးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုတွေအရ ပေါင်းစည်းရေး ဝန်ကြီးဌာနဟာ ဒေသခံတွေ ဘေးကင်းလုံခြုံပြီး အိမ်အမြန်ပြန်နိုင်ရေးကို သေချာစေဖို့ သက်ဆိုင်ရာ အေဂျင်စီတွေနဲ့အတူ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လုပ်ငန်းစဉ်တလျှောက်လုံးမှာလည်း ဒေသခံတွေက သူတို့သဘောဆန္ဒအလျောက် အိမ်ပြန်ချင်ကြောင်း ခဏခဏ ပြောနေတာကိုလည်း တာဝန်ရှိသူတွေက အတည်ပြုခဲ့ပြီး တခြားအေဂျင်စီတွေနဲ့ ပူးပေါင်းကာ သူတို့ကို ပြန်ပို့ပေးချိန်အထိ ဘေးကင်းအောင် အကာအကွယ် ပေးထားပါတယ်လို့လည်း ဂူဗြောင်းဆမ်းက ဆိုပါတယ်။
ဒါပေမဲ့လည်း မြောက်ကိုရီးယား ၆ ယောက်ကို နေရပ်ပြန်ပို့ရေး စီစဉ်ပေးတဲ့ တောင်ကိုရီးယားရဲ့ လုပ်ဆောင်ပေးမှုကို မြောက်ကိုရီးယားက တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။
ဒါပေမဲ့ မြောက်ကိုရီးယား ကင်းလှည့်သင်္ဘောတစင်းဟာ လွှဲပြောင်းရာနေရာမှာ စောင့်နေခဲ့ပြီး သူတို့ ၆ ယောက်ဟာ သူတို့ရဲ့သင်္ဘောတွေထဲက တစင်းထဲမှာ စီးပြီး ပြန်သွားကြတယ်လို့ ဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဇွန် ၄ ရက်က စတင်တာဝန်ယူခဲ့တဲ့ သမ္မတ အီဂျယ်မြောင်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို မြှင့်တင်ပေးမယ်လို့ ကတိပြုထားပြီး ပြုံယမ်းနဲ့ တင်းမာမှုတွေကြောင့် အမှန်တကယ် အနုတ်လက္ခဏာဆောင်တဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ ပြောထားချိန်မှာပဲ နေရပ်ပြန်ပို့ပေးခဲ့မှုတွေလည်း ရှိလာတာ ဖြစ်ပါတယ်။
Source: Reuters