
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အမြောက်တပ်အနီးတိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၅ ယောက် ပစ်ခတ်ဖမ်းဆီးခံရပြီး ၁ ယောက် သေဆုံးသွားတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၈ ရက် ညနေက ရေကြည်အမြောက် တပ် အမတ ၃၄၄ အနီးတိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ အသုတ်မြို့ တဇောင်ရိုးကျေးရွာမှာ တယောက် အသေပစ်သတ်ခံရပြီး ၂ ယောက်အရှင်ဖမ်းမိကာ ၂ ယောက် လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ပြေးတာက ညနေ ၃ နာရီလောက်မှာ ပြေးတာလို့သိရတယ်။ ၆ နာရီကျော်ကျော်မှာ ပြန်ဖမ်းခံရတာ။ စစ်တပ်က လိုက်ပြီး သေနတ်နဲ့ပစ်ခတ်ဖမ်းတာ။ တယောက်ကတော့ သေနတ်ဒဏ်ရာ ၈ ချက်လောက်နဲ့ ဆုံးသွားတာ။ ၂ ယောက်က လွတ်မြောက်နေတယ်။ ပြန်မိတဲ့ ၂ ယောက်လည်း လက်ပြန်ကြိုးတုပ်ပြီး ရိုက်စစ်နေတာ” လို့ ပြောပါတယ်။
တိုက်ပွဲကနေ ထွက်ပြေးတဲ့ တပ်သားတွေဟာ စစ်ကောင်စီ သတင်းပေးတချို့နဲ့ အုပ်ချုပ် ရေးမှူးတွေရဲ့ သတင်းပေးမှုကြောင့် ပြန်လည်ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဒေသခံ တယောက်က “ရွာဘက်ကို စစ်သားတွေကော၊ ရဲတွေကောလိုက်လာတာ။ ရွာရဲ့အပြင်ဘက် ငှက်ပျောတောအစပ်မှာတွေ့သွားတာ။ သေနတ်သံတွေကြားတော့ အကုန်ကြောက်လန့်ကုန်တာ။ ဘယ်သူမှ ထွက်မကြည့်ရဲဘူး။ အလောင်းသယ်သွားတော့မှ သိရတာ” လို့ ပြောပါတယ်။
ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်သား ၂ ယောက်ကို စစ်ကောင်စီရဲ့ အသုတ်နယ်မြေရဲစခန်းက စခန်းမှူးဇော် နိုင်ထွန်းနဲ့အဖွဲ့က ဇူလိုင် ၉ ရက် ဒီနေ့မနက်အထိ လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ရဲတွေက ထွက်ပြေးစစ်သားတွေကို လက်ခံမထားဖို့၊ တွေ့ရှိပါက အကြောင်းကြား ဆက်သွယ်ပေးဖို့၊ ဝှက်ထားပေးပါက အိမ်ရှင်ပါ ဖမ်းဆီးခံရမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။