DVB Logo
Home
မြန်မာသတင်း
လုပ်ခလစာတိုးတောင်းသည့် အလုပ်သမားများ ခြိမ်းခြောက်ခံနေရ
DVB
·
July 8, 2025
လုပ်ခလစာတိုးတောင်းသည့် အလုပ်သမားများ ခြိမ်းခြောက်ခံနေရ
Donate to DVB

စက်ရုံ အလုပ်ရုံ အလုပ်သမားတွေ အခြေခံလုပ်ခလစာ တိုးတောင်းတဲ့အခါ ခြိမ်းခြောက် ပြောဆိုတာတွေနဲ့ အလုပ်ထုတ်တာတွေကြောင့် အလုပ်သမားတွေအနေနဲ့ ဆက်လက်ဆန္ဒပြ တောင်းဆိုတာတွေ မလုပ်နိုင်ကြောင်း အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

ပြည်တွင်းက စက်ရုံ အလုပ်ရုံ အလုပ်သမားတွေက အခြေခံလုပ်ခလစာ တိုးတောင်းတဲ့အခါ ခြိမ်းခြောက်ပြောဆိုတာတွေနဲ့ အလုပ်ထုတ်တာတွေကြောင့် အလုပ်သမားတွေအနေနဲ့ ဆက်လက် ဆန္ဒပြ တောင်းဆိုတာတွေ မလုပ်နိုင်ကြောင်း အလုပ်သမားအဖွဲ့တွေဆီက သိရပါတယ်။

စက်ရုံဘက်က အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေကြောင့် သပိတ်တွေ ရပ်လိုက်တာရှိသလို တခြားစက်ရုံတွေကပါ သပိတ်တွေ မလုပ်နိုင်တော့ကြောင်း  သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် - မြန်မာ (STUM) တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

“လစာတိုးတောင်းတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါတဲ့ အလုပ်သမားတွေကို ခြိမ်းခြောက်တာတွေ ရှိတယ်။ ရှိတဲ့အတွက်ကြောင့်မို့ တခြားစက်ရုံတွေကနေ နောက်ထပ်သပိတ်တွေ ဆက်မလုပ်တော့တာတွေ တွေ့ရတယ်။ ဒီ သပိတ်လုပ်တယ်၊ မလုပ်ဘူး ဆိုတာလည်း ကျမတို့က တွန်းအားပေးလို့လည်း မရဘူး။ ဘာလို့လဲဆို‌တော့ အလုပ်သမားတွေက သူတို့ရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့ လုပ်ကြတာဆိုတော့ လက်ရှိ နိုင်ငံရေးအခြေအနေပေါ်မှာပဲ သူတို့တွေ ဆုံးဖြတ်ပြီးတော့ လုပ်ကြတာ ထင်တယ်။”

အခြေခံလုပ်ခလစာ နည်းပါးတဲ့ စက်ရုံတချို့က အလုပ်သမားတွေအနေနဲ့ အခြေခံလုပ်ခလစာ တရက်ကို ၁၂,၀၀၀ ကနေ ၁၃,၀၀၀ အထိ တိုးမြှင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဆက်တိုက် ဆန္ဒပြ သပိတ်မှောက် တောင်းဆိုမှုတွေကြောင့် ရွှေပြည်သာ စက်မှုဇုန်အတွင်းက အထည်ချုပ်စက်ရုံ အများစုကတော့ သင့်တင့်မျှတတဲ့ လုပ်ခလစာတွေ ညှိနှိုင်းပေးထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါပေမဲ့ တခြားစက်မှုဇုန်တွေက စက်ရုံ အလုပ်ရုံတွေမှာတော့ စက်ရုံဘက်က ခြိမ်းခြောက် အလုပ်ထုတ်တာတွေ ဆက်ရှိနေကြောင်း သမဂ္ဂအဖွဲ့ဝင် စက်ရုံအလုပ်သမားတယောက်က ပြောပါတယ်။

“တချို့ရုံတွေမှာတော့ အဲလိုမျိုး အသံတွေကြားတယ်။ ဆန္ဒပြရင် အလုပ်ထုတ်မှာတို့ ပြနေရင်းနဲ့ တပတ်အတွင်းမှာ ပြန်မဝင်ရင် ဒီလူတွေကို နို့တစ်ပြပြီး အလုပ်ထုတ်မှာတို့ ဆိုတော့ မပြဖြစ်သွားတဲ့ ရုံတွေလည်း ရှိတယ်ဗျ။ အဲဒီစက်ရုံတွေကျတော့ လုပ်ငန်းရှင်တွေက ပြောတာမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ မြန်မာလူမျိုး HR တွေက ပြောတာ များတယ်။ လှမ်းပြီး အကူအညီတောင်းတဲ့အခါ ကျနော်တို့က ပြောတယ်၊ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက်ခြိမ်းခြောက် ကိုယ်တွေဝန်ထမ်းတွေ စည်းစည်းလုံးလုံးနဲ့ တောင်းဆိုမယ်ဆိုရင် ဒါ အလုပ်လည်း ထုတ်လို့မရဘူးပေါ့။ အလုပ်သမားဥပဒေအရ နှစ်နှစ်ကို တကြိမ် အနည်းဆုံးလုပ်ခ အခကြေးငွေ ပြောင်းလဲမယ် ဆိုပြီးတော့လည်း မပြောင်းလဲခဲ့တာ ကြာပြီလေ။ ကုန်ဈေးနှုန်းတွေက အသီးသီးတက်လာတာ လုပ်အားခတွေက တက်မလာဘူးဆိုတော့ အလုပ်သမားတွေအနေနဲ့ တိုးတောင်းခွင့်ရှိတယ်။”

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ဝါးတရာစက်မှုဇုန်က Chisheng စက်ရုံလုပ်သားတွေဘက်က အခြေခံ လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုခဲ့ပေမဲ့ စက်ရုံဘက်က ၁,၀၀၀ သာတိုးပေးပြီး ပေးတဲ့နှုန်းကို လက်မခံရင် နို့တစ်ပေး အလုပ်ထုတ်မယ်လို့ စက်ရုံမန်နေဂျာဘက်က ခြိမ်းခြောက် ပြောဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Rum Yang (မြန်မာ) အထည်ချုပ်စက်ရုံ လုပ်သားတွေကိုလည်း လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြတဲ့ ငါးရက်မြောက်နေ့မှာပဲ အလုပ်သမားရေးရာ ညွှန်ကြားမှု ဦးစီးဌာနက တိုင်းဦးစီးက ခြိမ်းခြောက်ပြောလာမှုကြောင့် သပိတ်ကို ရုပ်သိမ်းလိုက်ရတာတွေလည်း ရှိခဲ့ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013