
ဩစတြေးလျ အမျိုးသမီးတယောက်ဟာ ခင်ပွန်းဟောင်းရဲ့ မိဘနှစ်ပါးနဲ့ ယောင်းမဖြစ်သူကို မှိုအဆိပ်ခတ်သတ်မှု၊ ယောင်းမရဲ့ခင်ပွန်းကို အဆိပ်ခတ်သတ်ဖို့ ကြိုးပမ်းမှုတွေနဲ့ အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က ဇူလိုင် ၇ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
ထောင်ဒဏ်ကိုတော့ နောက်ရုံးချိန်းမှာ ချမှတ်မှာဖြစ်ပြီး အမြင့်ဆုံး တသက်တကျွန်းပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်ခြေ ရှိနေပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ အဲဒီအမျိုးသမီးဟာ ခင်ပွန်းဟောင်းမိသားစုတွေကို တည်ခင်းကျွေးမွေးခဲ့တာ ဖြစ်ပါတယ်။
နောက်တနေ့မှာ ဧည့်သည် ၄ ယောက်စလုံး ဆေးရုံတင်ခဲ့ရပြီး ၃ ယောက် ဆုံးပါးခဲ့ပါတယ်။ ယောင်းမရဲ့ ခင်ပွန်းဖြစ်သူ တယောက်သာ အသည်းအစားထိုးလိုက်နိုင်လို့ အသက်ရှင်ကျန်ခဲ့တာ ဖြစ်ပါတယ်။
အပြစ်မရှိဘူးလို့ ပက်တာဆင်က လျှောက်လဲခဲ့ပေမဲ့ စွဲချက် ၄ ခုစလုံးမှာ အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၁၀ ပတ်ကြာ တရားခွင်ကို ပက်တာဆင်က တောင်းဆိုတဲ့အတိုင်း မဲလ်ဘုန်းအရှေ့ပိုင်းက မော်ဝဲလ်လို့ ခေါ်တဲ့ မြို့ငယ်လေးမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ပက်တာဆင်ဟာ သူ့ဧည့်သည်တွေကို သတ်ဖို့ လှည့်ဖျားမှု ၄ ခု လုပ်ခဲ့တယ်လို့ တရားလို ရှေ့နေတွေက စွပ်စွဲပါတယ်။ ပထမဆုံးအချက်က သူဟာ ကင်ဆာရောဂါကုသမှု ခံယူနေရတယ်လို့ လိမ်လည်ပြီး ဧည်သည့်တွေ နေ့လယ်စာ လာစားဖို့ ခေါ်ခဲ့ကြောင်း၊ စားသောက်တဲ့ဟင်းလျာထဲမှာ အဆိပ်ခတ်တဲ့အခါလည်း သူစားတဲ့အစာမှာ အဆိပ်မပါခဲ့ကြောင်း ထောက်ပြပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့က သေမှုသေခင်း စုံစမ်းစစ်ဆေးတဲ့အခါ သံသယမရှိအောင် သူပါ အစာအဆိပ်သင့်ပြီး ဖျားနာဟန်ဆောင်ခဲ့ကြောင်း၊ သက်သေဖျက်ဆီးဖို့နဲ့ ရဲကို လိမ်လည်ဖို့ ကြိုးစားခဲ့ကြောင်း တရားလိုဘက်က စွပ်စွဲခဲ့ပါတယ်။
သူ့အမေနဲ့ အဘွားဆီကနေ အမွေအများအပြား ရထားတယ်လို့ ဆိုတဲ့ ပက်တာဆင်ဟာ ဒီအမှုအတွက် မဲလ်ဘုန်းက ထိပ်တန်းပြစ်မှုဆိုင်ရာ ရှေ့နေကြီးတွေ ငှားရမ်းချေပခဲ့ပါတယ်။ ဒါပေမဲ့ တရားခံပြသက်သေ အနေနဲ့ သူတယောက်တည်းသာ ၈ ရက်ကြာ ထွက်ဆိုခဲ့ပြီး ၅ ရက်တိတိ ပြန်လှန်စစ်မေးမှုတွေကို ဖြေကြားခဲ့ပါတယ်။
ပက်တာဆင်ဟာ သူ့ဘဝတလျှောက် သူအဝလွန်တာ၊ အစားသောက်ပုံစံမမှန်တာ၊ ယုံကြည်မှု ကျဆင်းတာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ တရားခွင်မှာ ထွက်ဆိုပြီး ဒီနေ့လယ်စာက ပက်တာဆင် မိသားစုနဲ့ သူ့ကလေး ၂ ယောက်အပေါ် သက်ရောက်မှုရှိခဲ့ပုံကို ပြောဆိုရင်း စိတ်မထိန်းနိုင် ဖြစ်ခဲ့ပါတယ်။
ဧည်သည့်တွေကိုသတ်ဖို့ ကင်ဆာရှိတယ်လို့ လိမ်ခေါ်တာ မဟုတ်ကြောင်း၊ ကလေးတွေနဲ့ ပတ်သက်ပြီး အကူအညီတောင်းချင်လို့ ဖိတ်ကြွေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ်အလေးချိန် လျှော့ဖို့အတွက် ခွဲစိတ်ဖို့ စီစဉ်ထားတာဖြစ်တာကို ပြောရမှာရှက်လို့ ကင်ဆာခွဲရမယ့်ပုံစံ လိမ်ပြောခဲ့တာလို့လည်း ချေပပါတယ်။
သူ့ယောက္ခမဟောင်း ယူလာပေးတဲ့ ကိတ်မုန့်ကို တနင့်တပိုး စားသောက်ခဲ့တာကြောင့် ဗိုက်တင်းပြီးတော့ အသက်ချမ်းသာရာ ရခဲ့တာလို့ လျှောက်လဲပါတယ်။
အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၇ ယောက် ပါဝင်တဲ့ ဂျူရီအဖွဲ့ဟာ အပြစ်ရှိ၊ မရှိ ဆုံးဖြတ်ဖို့ ဇွန်လ ၃၀ ရက် ကတည်းက အချိန်ယူ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။