တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုမှာ အဓိကစုံချက်တခုဖြစ်တဲ့ စပရက်တလီ ကျွန်းစုနားက ရေပြင်မှာ တရုတ်ငါးဖမ်းသမားတွေက ဆိုင်ယာနိုက်အဆိပ်တွေ ကြဲချခဲ့တယ်လို့ ဧပြီ ၁၃ ရက်မှာ ဖိလစ်ပိုင်က စွပ်စွဲပါတယ်။
အဲဒီအဆိပ်ခတ်မှုဟာ ပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တာလို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ (NSC) က ဆိုပါတယ်။
ရေတပ်တပ်ဖွဲ့ဝင်တွေရဲ့ အဓိကစားနပ်ရိက္ခာဖြစ်တဲ့ ဒေသထွက်ငါးတွေကို သေစေဖို့ ရည်ရွယ်ချက်နဲ့ ဖျက်ဆီးတာဖြစ်တယ်လို့ NSC လက်ထောက်ညွှန်ကြားရေးမှူးချုပ် ကော်နယ်လီယို ဗလင်စီယာ က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် ညစ်ညမ်းနေတဲ့ရေနဲ့ အဆိပ်သင့်ငါးတွေကြောင့် ရေတပ်တပ်ဖွဲ့ဝင်တွေကို အန္တရာယ်ဖြစ်စေသလို သန္တာကျောက်တန်းတွေကိုလည်း ပျက်စီးစေတယ်လို့ ဗလင်စီယာက ဆက်ပြောပါတယ်။
ဒီစွပ်စွဲချက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပယ်ချပါတယ်။ လုံးဝယုံကြည်နိုင်စရာမရှိသလို ချေပနေဖို့တောင် မတန်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွန် က ဧပြီ ၁၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ၊ ဇူလိုင်နဲ့ အောက်တိုဘာလတွေမှာ တရုတ်ငါးဖမ်းသင်္ဘောတွေပေါ်ကနေ ဆိုင်ယာနိုက်ပုလင်း ၁၀ ပုလင်းကို ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေ သိမ်းဆည်းခဲ့တယ်လို့ ဖိလစ်ပိုင်ရေတပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ရွိုင်ဗင်းဆင့် ထရီနီဒက်က ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း အဲဒီသန္တာကျောက်တန်းနားမှာ တရုတ်လှေသမားတွေ အဆိပ်ခတ်နေတာကို စစ်သားတွေ မြင်တွေ့ခဲ့ရပြီး ရေကိုစစ်ဆေးကြည့်ရာမှာ ဆိုင်ယာနိုက်ပါဝင်နေတာကို တွေ့ရတယ်လို့ ထရီနီဒက်က ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သံတမန်ရေးအရ ကန့်ကွက်နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို လာမဲ့ သီတင်းပတ်မှာ အစီရင်ခံစာတင်သွင်းမယ်လို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ပါတယ်။
Source: Reuters










